နိုင်ငံတော် အကြည်ညိုပျက်စေသည့် လုပ်ရပ်များ

နိုင်ငံတော် အကြည်ညိုပျက်စေသည့် လုပ်ရပ်များ

မိမိတို့နိုင်ငံတွင် လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကဖြစ်စေ အသင်းအဖွဲ့တစ်ခုခုကဖြစ်စေ နိုင်ငံတော်အား လည်းကောင်း၊ နိုင်ငံတော်အစိုးရအားလည်းကောင်း အကြည်ညိုပျက်စေရန် ပြုမူပြောဆိုခြင်းပြုလျင် သတ်မှတ်ပြဋ္ဌာန်းထားသော ဥပဒေပုဒ်မများဖြင့် အရေးယူအပြစ်ပေးခြင်း ခံကြရသည်ကို အားလုံး အသိပင် ဖြစ်သည်။

ထိုသို့သော စွပ်စွဲချက်ဖြင့် နိုင်ငံတော် အကြည်ညိုပျက်စေသည်ဟုဆိုကာ တရားစွဲဆို ပြစ်ဒဏ်ပေးခံကြရသည့်သူများ၏ သတင်းကိုလည်း မိမိတို့ မကြာခဏဆိုသလိုပင် ကြားကြရပြီးဖြစ်သည်။

သည်လိုသတင်းများနှင့်ဆက်စပ်ပြီး လူပုဂ္ဂိုလ်တချို့ သို့တည်းမဟုတ် အဖွဲ့အစည်းတစ်ခုခု၏ ပြုမူဆောင်ရွက်ချက်များသည် နိုင်ငံတော်အားလည်းကောင်း၊ နိုင်ငံတော်အစိုးရအားလည်းကောင်း အကြည်ညို ပျက်စေသည်ဟု ယူဆလို့ရသည့် အပြုအမူ အလုပ်အကိုင်များကို ယခုတလော ကြားလာကြရပြန် ပါသည်။

ဥပမာအားဖြင့်ဆိုရလျင် မကွေးတိုင်း စေတုတ္တရာမြို့ကလေးတွင် ယခုတလော မြင်တွေ့ ရသည့် အဖြစ်အပျက်တချို့သည် နိုင်ငံတော်အား အကြည်ညိုပျက်စေသည့် လုပ်ရပ်များဖြစ်သည်ဟုပြော လို့ရနိုင် သည်ကို တွေ့ရပါသည်။

စေတုတ္တရာမြို့ကလေး ရေဘေးသင့်သောအခါ မြို့သူမြို့သားများ အိုးအိမ်များမှ စွန့်ခွာထွက်ပြေးခဲ့ကြရ စာသင်ကျောင်းများ ပိတ်ခဲ့ကြရပါသည်။     ယခုအခါ မြို့တခြမ်းမှာ ရွှံနွံများ ဖယ်ရှားလို့ မရနိုင်သေး သည့်အတွက် မြို့သူမြို့သား အများစုမှာ ကိုယ့်အိမ်ကိုယ့်ခြံများအတွင်း ပြန်လည်နေထိုင်နိုင်ကြခြင်း မရှိသေးချေ။ ထို့ပြင် စားဝတ်နေရေး၊ ကျန်းမာရေးနှင့် စီးပွားရေး အခက်အခဲများနှင့် ရင်ဆိုင်တိုးနေရသည့် အချိန်လည်းဖြစ်သည်။

စေတုတ္တရာမြို့ကလေးမှာ ရေဘေးဒဏ်ကြောင့် အခြေအနေများ ဆိုးဝါးနေလျက် စေတနာရှင်များရဲ့ ကူညီလှူဒါန်းသည့် ရိက္ခာများအပေါ်တွင်သာ လောလောဆယ် ခြေစုံရပ်နေကြ သည်မှာ အထင်အရှား ပင်ဖြစ်သည်။ ဆိုလိုသည်မှာ စေတုတ္တရာမြို့သည် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အခြေအနေများ နဂိုပုံမှန်အနေအထားသို့ ပြန်မရောက်နိုင်သေးဘူးဆိုသည့် အဓိပ္ပါယ်ပင် ဖြစ်သည်။

သို့သော် ယခုအခါ ကျန်းမာရေးရှုဒေါင့်မှကြည့်လျင် မည်သို့မျှ မသင့်လျော်သေးသည့် ရွှံနွံများအတွင်းမှ စာသင်ကျောင်းတချို့ကို အတင်းတွန်းအားပေးကာ ကျောင်းပြန်ဖွင့်ရန် ဖိအားပေးခြင်း၊ အဓိကပြန်လည် ထူထောင်ရေး လုပ်ငန်းအသွင်သဏ္ဍာန်ဆောင်သည့် အိုးအိမ်များ ပြန်လည်ပြုပြင် တည်ဆောက်မှုများကို လစ်လျူရှုလျက် လမ်းဘေးဝဲယာသစ်ပင်များ ထုံးသုတ်ခြင်း၊ သစ်ပင်များကို လမ်းဆုံလမ်းခွများတွင် အပင်လိုက်စိုက်ခြင်း မြို့လည်လမ်းဘေး သန့်ရှင်းရေးကိုသာ အဓိကထား သန့်ရှင်းရေး လုပ်ခြင်းများ ပြုလုပ်နေသည်ကို တွေ့လာကြရပါသည်။

ထို့ပြင် မည်သို့မျှ စနစ်တကျ စိုက်ပျိုးလို့ မရနိုင်သေးသည့် လယ်ကွက်များတွင် အထူးဖြင့် မြို့အဝင် လမ်းဘေးနေရာများတွင် စပါးစိုက်ပျိုးခြင်းအလုပ်များကို ဖိအားပေး စိုက်ပျိုးနေကြသည် ကိုလည်း တွေ့လာ ရပါသည်။တချိန်တည်းမှာပင် စေတုတ္တရာမြို့ စပါးများ ပြန်စိုက်ပျိုးနေကြပြီ ဖြစ်ကြောင်း စာသင်ကျောင်းများ ပုံမှန်ပြန်ဖွင့်နေပြီဖြစ်ကြောင်းများကိုလည်း သတင်းမီဒီယာမှတဆင့် ထုတ်လွှင်ခြင်းများ လည်းပြုကြ ပါသည်။

ထိုအပြုအမူများသည် စေတုတ္တရာသို့ အာဏာပိုင်အဆင့် တစ်ဦးဦးလာရန်ရှိသည့်အတွက် ယခုကဲ့သို့ အမှန်တကယ် ပြုလုပ်ရမည့် အလုပ်များထက် ဟန်ပြအလုပ်များကို လုပ်ခြင်း၊ ပကတိ အခြေအနေကို ဖုံးကွယ်ကာ လိမ်ညာလုပ်ကိုင်ခြင်းများဖြစ်သည်ကို စေတုတ္တရာတစ်မြို့လုံး အသိပင် ဖြစ်ပါသည်။ လူအများ ကဲ့ရဲ့ခြင်း၊ အပြစ်တင်ဝေဖန်ခြင်းနှင့် အာဏာပိုင် အကြီးအကဲများကို လူအများ အထင်သေး အပြစ်မြင်စေသည့် အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေပါသည်။

ထို့ကြောင့် ဤကဲ့သို့သော အပြုအမူဆောင်ရွက်ချက်များသည်ကား အမှန်တကယ်အားဖြင့် ဆိုရလျင် နိုင်ငံတော်နှင့် အစိုးရအား အများပြည်သူက အထင်သေး ရှုတ်ချအပြစ်တင်စေရန် လမ်းခင်းပေး သလိုဖြစ်သဖြင့် တနည်းအားဖြင့်ဆိုလျင် နိုင်ငံတော်အား အကြည်ညိုပျက်စေသည်ဟု ယူဆနိုင်ပါသဖြင့် ယင်းကဲ့သို့သော အပြုအမူများကို ပြုလုပ်ရန်မသင့်ကြောင်း တင်ပြလိုက်ရပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags