မြန်မာပြည် မြောက်ဖျား သို့ . .

မြန်မာပြည် မြောက်ဖျား သို့ . .

ကောင်းကင်ကမိုးသားတွေ ၊ မိုးတိမ်ထောင်တွေ သိပ်မရှိတာကို လေယာဉ်ပြူတင်းပေါက်မှ မြင်နေရပေ မယ့် ၊ မိုးက မသည်းဘဲ တဖွဲဖွဲရွာနေတယ် ။ လေယာဉ်ကို ဘာမှမဖြစ်စေပေမယ့် ကျွန်တော်တို့ ခရီး သွားတွေအတွက်ကတော့ လေယာဉ်ဆင်းတဲ့အခါ လေယာဉ်ကနေပြီး လေဆိပ်ထဲ အသွား မိုးရေတွေ အနည်းငယ်တော့ စိုကုန်တော့တာပေါ့ ။ ပူတာအိုခရီးဆိုတာ လေယာဉ်နဲ့မှ အဆင်ပြေတာ ၊ ဒါတောင် ရာသီဥတုဆိုးရွားရင် တစ်ခါတစ်ရံ နောက်ကြောင်းတောင် ပြန်လှည့်ရတတ်တယ် . .တဲ့ ။

လေယာဉ်ကွင်းကတော့ ကျွန်တော်မြင်ဖူးသမျှထဲမှာ ခပ်သေးသေးပါပဲ ။ ခရီးသည် တစ်ရာ နီးပါးဆံ့တဲ့ ရိုးရိုးလေယာဉ်လေးတွေ ဆင်းလို့ တက်လို့ အဆင်ပြေသလောက်ပဲဖြစ်ပါတယ် ။ ခရီးသည်တွေ နားနေ တဲ့ လေဆိပ်ကလည်း ဆိုက်ရောက်ရာ နဲ့ ထွက်ခွာရာ အခန်း နှစ်ခန်း ၊ သန့်စင်ခန်း နဲ့ စစ်ဆေးရေးတွေ စစ်ဆေးရှာဖွေတဲ့ နေရာသာရှိလို့ တော်တော်လေးကို သေးလွန်းနေတယ် လို့ဆိုရပါမယ် ။အမှတ်တရ ဓာတ်ပုံရိုက်မယ့် နေရာကလည်း မရှိတော့ တစ်ခါတစ်လေ အလည်အပတ်လာသူတွေ အနေနဲ့ ကသိကအောင့်လည်း ဖြစ်စေပါတယ် ။ ကျွန်တော်တို့ သွားတဲ့ အချိန်ဟာ မိုးဦးကျ မိုးဖွဲလေးတွေ ခပ်များများရွာနေတော့ ကျွန်တော်တို့လည်း ပူတာအိုလေဆိပ်မှာ ခပ်ကုတ်ကုတ်ကလေးပဲ နေလိုက်ရ ပါတော့တယ်။

ပူတာအိုကိုဆိုက်ရောက်ချိန်က နေလယ်ဆိုတော့ ကျွန်တော်တို့ နဂိုကတည်းက စီစဉ်ထားတဲ့အတိုင်း ပူတာအိုဟိုတယ်က ကားနဲ့လာကြိုပါတယ် ။ ပူတာအိုဟိုတယ်ဆိုတာ ပူတာအိုမြို့မှာတော့ ဒုတိယ အကောင်းဆုံး ဟိုတယ်ဖြစ်ပြီး မလိုက်ဖက်တာကတော့ လျှပ်စစ်မီး ကို အချိန်အကန့် အသတ်နဲ့ ရတာ ပဲဖြစ်ပါတယ် ။ ည နေ ၆ းဝဝ နာရီကနေ ည ၁၀ း ၀၀ နာရီထိပဲ မီးလင်းတယ်ဆိုတော့  ၂၁ ရာစုမှာ ရှာမှရှားတဲ့ နေရာလို့ ပြောရလေမလားပါပဲ ။ လမ်းပန်းဆက်သွယ်ရေး အဆင်သိပ်မပြေလှတဲ့ မြို့ဆို တာ နဂိုကတည်းကသိလို့ မိတ်ဆွေတစ်ယောက်က ကားတစ်စီးငှားပေးထားတဲ့အတွက် ကံကောင်းစွာ နဲ့ပဲ သွားချင်တဲ့နေရာကို သွားလို့ရတော့မှာဖြစ်ပါတယ် ။

နေ့လယ်စား စားချိန်ဖြစ်လို့ ဒေသရိုးရာ အစားအစာပဲစားမယ်ဆိုပြီး ဒေသခံတစ်ဦးလိုက်ပို့တဲ့ မွန်း(moon) စားသောက်ဆိုင်ကို သွားစားဖြစ်ပါတယ်။ ရိုးရာဒေသ အစားအသောက်တွေထဲမှာတော့ ဆဖီ လို့ ခေါ်တဲ့ ကောက်ညှင်းငချိတ်နဲ့ ဖောက်ထားတဲ့ ခေါင်ရည် တစ်မျိုးက ဧည့်တွေတွေကို စွဲဆောင် စေပါတယ် ။ ထမင်းမစားခင်နဲ့ ထမင်းစားရင်း သောက်ကြတာတွေ့ရပါတယ် ။ ကော်ညှင်းငချိတ်ကို ရိုးရိုး ဆန်ကြမ်း နဲ့ တဆေး(yeast) ရောဖောက်ထားတာဖြစ်ပါတယ် ။ကောက်ညှင်းငချိတ်က စေးတော့ ကစီဓာတ် များများရပြီး အယ်ကိုဟောဓာတ်ပိုရပါတယ် ၊ သကြားဓာတ် ၊ဆူးခရို့(sucrose) ဓာတ်ပိုရ တယ်လို့ ဒေသခံက ပြောပါတယ် ။ ကောက်ညှင်းကိုချက်လိုက်မယ်၊ ပြီးရင် ဆန်ကောသေးသေး သို့မဟုတ် ဆန်ကာမှာ ဖြစ်ဖြစ် အေးတဲ့အထိအခြောက်ခံလိုက်မယ် ၊ နေပူမှာတော့မရဘူး ၊အအေးထဲ မှာ အခြောက်ခံလိုက်မယ်၊ ကောက်ညှင်းမှာ အပူဓာတ်ကုန်သွားပြီဆိုရင် တဆေးနဲ့ သမအောင်နယ် လိုက်မယ် ။ ပြီးရင် စဉ့်အိုးထဲမှာ ငပိသိပ်သလို သိပ်ရပါမယ် ၊ စဉ့်အိုးရဲ့ သုံးပုံနှစ်ပုံ သို့မဟုတ် တစ်ဝက် လောက် သိပ်ရ မယ်။ ပြန်ကြွလာမှာဖြစ်လို့ အများကြီးထည့်လို့မရဘူး။ ပြီးတဲ့အခါ လေလုံအောင် ပလပ်စတစ်နဲ့ပတ် ၊ ကြိုးနဲ့ချည်ရတယ် ။ အဲဒီမှာ တဆေးနဲနဲထည့်ရင် မြန်မြန်ရမယ် ၊တဆေး များများ ထည့်ရင် ကြာမယ် ။

အချိုးချပြီး စနစ်တကျလုပ်ရင် ၃ ရက်ကနေ တစ်ပတ် ဆိုရင် ရပြီ ။အဲဒါ ကို မသန့်ရှင်းတဲ့လက်တို့ မသန့်ရှင်းတဲ့အရာ တစ်ခုခုနဲ့ ကိုင်တွယ်မိလိုက်ရင် ၊ ထိမိရင်တော့အချိုမရဘဲ အချဉ်ဖြစ်သွားလိမ့်မယ်။ အချဉ်ဖြစ်သွားရင် မအောင်မြင်ဘူးပေါ့ ။ရပြီဆိုရင် ခပ်ယူတဲ့အခါ မှာလည်း မသန့်ရှင်းတာဝင်သွားရင် တော့ သိုးသွားလိမ့်မယ် ၊ သိုးသွားရင်သောက်တဲ့အခါမှာ အချို ဓာတ်မပါဘဲ အချဉ်ဓာတ်ပါလာလိမ့် မယ် ။ အဲဒါဆို ပျက်သွားပြီ ၊ အဲဒါကိုသောက်မိရင်တော့ ၀မ်းပျက်သွားလိမ့်မယ်ပေါ့ ။ ကောက်ညှင်း ငချိတ်နဲ့  တဆေး များများထည့်ပြီး အချိန်ကြာကြာ ထားမယ်ဆိုရင် ခေါင်ရည်ဖြစ်သွားတယ် ။ သောက် ရင် တအားမူးတယ် လို့ ဒေသခံတွေပြောပြလို့ သိခဲ့ရပါတယ် ။ ကျွန်တော်တို့ ရန်ကုန်မှာ ဆောင်းတွင်း ဖက် သို့မဟုတ် အအေးခန်းထဲမှာ ကောက်ညှင်းငချိတ်ကို ချက်ပြီး အထက်ကပြောသလို လုပ်မယ်ဆို ရင်လည်း ရနိုင်လိမ့်မယ်လို့ ထင်ပါတယ် ။

သောက်တတ်တဲ့သူတွေအဖို့တော့ ဆဖီ လေး သောက်လိုက် ၊ ကချင်ရိုးရာ ဖက်ထုပ်ထမင်းနဲ့ ကြက် ကချင်ချက် ကလေးစားလိုက်နဲ့ ကျွန်တော်ကတော့ ဆဖီ လည်းမသောက်တတ် ၊ ကြက် ကချင်ချက် ကိုလည်း သိပ်မကြိုက်ဘဲ ကိုယ်သဘောကျတဲ့ ဖက်ထုပ်ထမင်းရယ် ဆတ်သားခြောက်သုပ်ရယ်ပဲ စားရတာကိုက တော်တော်ဟုတ်နေပါပြီ ။ တချို့စားစရာ တော်တော်များများကတော့ ရန်ကုန်မှာ လည်း ရတာတွေပဲဖြစ်ပါတယ် ။ နေ့လယ်စာစားပြီးတာနဲ့ ကျွန်တော်တို့ဟာ ဟိုတယ်မှာ ပြန်မနားဘဲ မလိခမြစ်ထဲကို စီးဝင်နေတဲ့ မူလာလ ချောင်းရဲ့ မူလာရှီးဒီး တံတားကို သွားကြပါတယ် ။

ချောင်းရဲ့အစကတော့ ပူတာအိုမြို့မြောက်ဖက် ရေခဲတောင်တွေဆီကနေ ရေခဲတွေ အရည်ပျော်ပြီး စီးဆင်းလာကာ မူလာရှီးဒီးချောင်း ဖြစ်လာပြီး အဲဒီချောင်းကို ဖြတ်ကူးတဲ့ တံတားပေါ်ကို ကျွန်တော်တို့ တက်ကြည့်ပြီး ဓာတ်ပုံတွေရိုက် ၊ ဗီဒီယိုမှတ်တမ်းတွေရိုက်ကြပါတယ် ။ ကျွန်တော်တို့ ရန်ကုန်မှာ မမြင် ဖူးတဲ့ အထူးအဆန်းကတော့ ချောင်းနံဘေးတွေမှာ ကျောက်တုံးကျောက်ခဲတွေနဲ့   ပြည့်နှက်နေတာပဲ ဖြစ်ပါတယ် ။ ကျောက်ခဲလှလှလေးတွေလည်း အများကြီး ၊ တစ်ချို့ဆိုရင် ကျောက်စိမ်းတုံးလိုလို တွေတောင် တွေ့ခဲ့ရပါသေးတယ် ။ နောက်နေ့မှာတော့ ကျောက်စိမ်းတုံးတွေ အတုံးလိုက် အတစ် လိုက် မိုးတွင်းမိုးများရင် တောင်ပေါ်ကနေ ရေစီးနဲ့ မျောပါလာတတ်တဲ့ ပါတိတ် ချောင်းကိုလည်း သွားကြည့်လိုက်ပါသေးတယ် ။ နောက်အပတ်တွေမှာ အဲဒီအကြောင်းရေးပါအုံးမယ် ။  ။

သန့်ဇော် (သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly