ဂျပန်အသင်းရဲ့နိုင်ပွဲအတွက် သိပ်ပျော်နေကြတဲ့ ဂျပန်ပရိသတ်တွေ

ဂျပန်အသင်းရဲ့နိုင်ပွဲအတွက် သိပ်ပျော်နေကြတဲ့ ဂျပန်ပရိသတ်တွေ
Photo-AFP
 

ဇွန် ၂၀၊ တိုကျို။            ။ အင်္ဂါနေ့က ကစားခဲ့တဲ့ ကမ္ဘာ့ဖလားပွဲစဉ်မှာ နာမည်ကြီး ကိုလံဘီယာအသင်းကို ဂျပန်အသင်းက ၂-၁ ဂိုးနဲ့ အထင်မှတ်ဘဲ အနိုင်ရခဲ့ပါတယ်။ ဂျပန်အသင်းဟာ ကမ္ဘာ့ဖလားမှာ တောင်အမေရိကအသင်းတစ်သင်းကို ပထမဆုံး အနိုင်ရတဲ့ အာရှအသင်းလည်း ဖြစ်လာခဲ့ပါတယ်။

အခုလိုနိုင်ပွဲရပြီးနောက်မှာတာ့ ဂျပန်နိုင်ငံတစ်ဝန်းက ဘားဆိုင်တွေမှာ ဂျပန်ပရိသတ်တွေ အကြီးအကျယ်အောင်ပွဲခံကြပါတော့ တယ်။ တောင်အမေရိကအသင်းတစ်သင်းနဲ့တွေ့တဲ့ပွဲမှာ ဂျပန်ပရိသတ်တွေကိုယ်တိုင်က အများကြီးမျှော်လင့်မထားခဲ့ကြပါဘူး။

ပွဲကစားနေစဉ်အတွင်းမှာ ကွင်းထဲကပရိသတ်တွေရော၊ ရုပ်သံကနေကြည့်နေတဲ့ ဂျပန်ပရိသတ်တွေပါ နာရီတကြည့်ကြည့်နဲ့ စိတ်လှုပ်ရှားနေခဲ့ကြပြီး ပွဲသိမ်းခရာမှုတ်လိုက်ချိန်မှာတော့ အကြီးအကျယ် အောင်ပွဲခံကြပါတော့တယ်။

တချို့ကတော့ ချိုမြိန်တဲ့ လက်စားချေခြင်းလို့ ပြောကြပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့ဖလားပွဲတုန်းက ဂျပန်အသင်းက ကိုလံဘီယာကို ၄-၁ ဂိုးနဲ့ ရှုံးခဲ့ရဖူးလို့ဖြစ်ပါတယ်။

ကိုလံဘီယာအသင်းဟာ ပွဲအစ ၃ မိနစ်မှာကတည်းက ဂိုးဧရိယာထဲမှာ ဘောလုံးကိုလက်နဲ့ပုတ်တဲ့ ကွင်းလယ်လူ ဆန်းချက်ဇ် အနီကတ်ပြထုတ်ခံရလို့ တစ်ပွဲလုံးနီးပါး တစ်ယောက်လျော့နဲ့ ကစားခဲ့ရပါတယ်။

ဂျပန်အသင်းအတွက်ဂိုးတွေကို ကာဂါဝါနဲ့ အိုဆာကိုတို့က သွင်းယူခဲ့ကြပြီး ကိုလံဘီယာအတွက်ချေပဂိုးကို ကွင်တာရိုက သွင်းယူခဲ့ပါတယ်။

အင်္ဂါနေ့က ကစားခဲ့တဲ့ ကမ္ဘာ့ဖလားပွဲတွေမှာ ဂျပန်က ကိုလံဘီယာကို နှစ်ဂိုး-တစ်ဂိုး၊ ဆီနီဂေါက ပိုလန်ကို နှစ်ဂိုး-တစ်ဂိုး၊ ရုရှက အီဂျစ်ကို သုံးဂိုး-တစ်ဂိုး နဲ့အနိုင်ရခဲ့ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly