ဒီဇယ်ဂါလံ ၃၂၀၀ ခိုးယူသူကို ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးဥပဒေဖြင့် အမှုဖွင့်

ဒီဇယ်ဂါလံ ၃၂၀၀ ခိုးယူသူကို ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးဥပဒေဖြင့် အမှုဖွင့်

 

ရန်ကုန်၊ ဇွန်လ ၁၉ ။       ။ ရန်ကုန်တိုင်းဒေသကြီး သန်လျင်ရေနံချက်စက်ရုံ မောင်းတံဂိတ်အနီးရှိ ရေအောက်မြုပ်နေသောဒီဇယ်ပိုက်လိုင်းမှ အပေါက်ဖောက်ကာ တစ်စုံတစ်ယောက်က ဒီဇယ်ဂါလံ ၃၂၀၀ ခန့်ခိုးယူသွားသည်ကို စစ်ဆေးတွေ့ရှိရ၍ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေဖြင့် အမှုဖွင့်ထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ဇွန်လ ၁၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ခိုးယူသွားသူကိုမူ လတ်တလော မဖေါ်ထုတ်နိုင်သေးပေ။

ဖြစ်စဉ်မှာ သာကေတမြို့နယ် ပင်မရေနံသိုလှောင် ဖြန့်ဖြူးရေးဌာနမှ လုံခြုံရေးအဖွဲ့က ပင်မရေနံသိုလှောင်ဖြန့်ဖြူးရေးဌာနရှိ ရေနံသိုလှောင်ကန်နှင့် အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်)သို့ သွယ်တန်းထားသောပိုက်လိုင်းတစ်လျှောက် ဇွန်လ ၁၇ ရက်နေ့ ၁၁ နာရီအချိန်စစ်ဆေးခဲ့ရာမှ သိရှိခဲ့ခြင်းဖြစ်သည်။

လုံခြံုရေးအဖွဲ့မှ သန်လျင်ရေနံချက်စက်ရုံ မောင်းတံဂိတ်အနီးရှိ ရေအောက်မြုပ်နေသော ၁၄ လက်မရှိ ဒီဇယ်ပိုက်လိုင်း၏ အောက်ပိုင်းတွင် အဖွင့်အပိတ်ဘားတစ်ခု တပ်ထားသောအပေါက်တစ်ခုကို တွေ့ရှိခဲ့သည်။

ဇွန်လ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ အမှတ်(၁) ရေနံချက်စက်ရုံ(သန်လျင်)မှ သာကေတပင်မရေနံဖြန့်ဖြူးရေးဌာနသို့ ဒီဇယ်ဂါလံ ၄၈၀,၀၀၀ ပို့လွှတ်ခဲ့ရာတွင် ဂါလံ ၄၇၆,၈၀၀သာ ရောက်ရှိခဲ့ပြီး ဒီဇယ်ဂါလံ ၃၂၀၀ အားခိုးယူခံရသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် သန်လျင်မြို့မရဲစခန်းမှ (ပ) ၁၇၄၀/၂၀၁၈၊ ပပက ၆(၁)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

ပုဒ်မ ၆(၁) အရ မည်သူမဆို ပြည်သူပိုင်ပစ္စည်းကို အခွင့်တစ်စုံတစ်ရာမရှိဘဲ လက်ဝယ်ထားရှိလျှင်၊ သို့တည်းမဟုတ် ပြည်သူပိုင်ပစ္စည်းတစ်ရပ်ရပ်နှင့်စပ်လျှဉ်း၍ ခိုးမှု၊ အလွဲသုံးစားမှု၊ သို့မဟုတ် အကျိုးဖျက်ဆီးမှု တစ်ရပ်ရပ်ကို ကျူးလွန်လျှင် တည်ဆဲဥပဒေ တစ်ရပ်ရပ်တွင် မည်သို့ပင်ပါရှိစေကာမူ၊ ခုနှစ်အထိထောင်ဒဏ်ကိုဖြစ်စေ၊ ကြိမ်ဒဏ်ကိုဖြစ်စေ၊ ထောင်ဒဏ်နှင့်ကြိမ်ဒဏ် နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်ရမည့်အပြင်၊ ငွေဒဏ်လည်းချမှတ်နိုင်သည်။

ဇွန်လ ၁၈ ရက်နေ့ ဒီဇယ်လက်လီစျေးအနေဖြင့် တစ်လီတာလျှင် လက်ကားစျေး အနည်းဆုံး ၈၄၅ ကျပ်မှ အများဆုံး ၈၅၃ ကျပ်၊ လက်လီစျေး အနည်းဆုံး ၈၉၀ ကျပ်မှ အများဆုံး ၉၀၅ ကျပ် ရှိနေသည်ကို မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly