ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အထိမ်းအမှတ်အဖြစ် ကလေးမြို့ကျောင်းသားများသမဂ္ဂအဖွဲ့ သံချပ်ထိုးဖျော်ဖြေ

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အထိမ်းအမှတ်အဖြစ် ကလေးမြို့ကျောင်းသားများသမဂ္ဂအဖွဲ့ သံချပ်ထိုးဖျော်ဖြေ

ကလေး၊ ဇွန် - ၁၈ ။          ။ ဇွန်လ ၁၉ ရက်နေ့၌ ကျရောက်မည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်(၇၃) နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ကလေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့မှ ကလေးမြို့လူစည်ကားရာများတွင် သံချပ်ထိုးဖျော်ဖြေခဲ့သည်။

ဇွန်လ ၁၈ ရက်၊ မနက် ၈ နာရီအချိန်ခန့်က စတင်၍ လူစည်ကားရာနေရာများတွင် ကားများဖြင့် လှည့်လည်သံချပ်ဖျော်ဖြေခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုသည့် သဘောဖြင့် ဖျော်ဖြေခြင်းဖြစ်ကြောင်း ကလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ကိုဇင်မင်းထက်က ဆိုသည်။

" အခုလိုဖျော်ဖြေရတာ အမေစုကို ဂုဏ်ပြုတဲ့သဘောပါ။ ဒါပြီးတော့ ကျွန်တော်တို့ ဒေသက ဒေသခံတွေလည်း သိစေချင်တယ်။ နှစ်တိုင်း အမေစုမွေးနေ့မှာ ဒီလိုမျိုးလေးနဲ့ ဖျော်ဖြေချင်တယ်။ အခုလိုဂုဏ်ပြုတာကတော့ ပထမဆုံးလည်းဖြစ်တယ်"ဟု ကိုဇင်မင်းထက်က ပြောသည်။

သံချပ်စာထိုးဖို့အတွက် သက်ဆိုင်ရာဌာနများထံသို့ ယခုလ ၁၇ ရက်က စာတင်၍ ခွင့်ပြုချက်ရသည့်အတွက် ယခုကဲ့သို့ သံချပ်ထိုးဖျော်ဖြေခဲ့ခြင်းဖြစ်ပြီး ကျောင်းသားသမဂ္ဂအနေဖြင့် ပထမဆုံး ဖျော်ဖြေချင်းဖြစ်ကာ ကလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂကို ၂၀၁၇ ခုနှစ် ဇူလှိုင် လ ၄ ရက် နေ့မှ စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly