သေနတ်သမားကြည်လင်းအမှုတွဲမှ အောင်ဝင်းဇော်အား လက်နက်မှုမှ တရားရှင်လွှတ်ပေး

သေနတ်သမားကြည်လင်းအမှုတွဲမှ အောင်ဝင်းဇော်အား လက်နက်မှုမှ တရားရှင်လွှတ်ပေး
Photo-EPA

ရန်ကုန်၊ ဇွန်လ ၁၈ ။          ။ တရားလွှတ်တော်ရှေ့နေဦးကိုနီ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် အမှုနှင့် ပတ်သက်ပြီး သေနတ်သမားကြည်လင်း အမှုတွဲမှ အောင်ဝင်းဇော်အား လက်နက်မှုမှ တရားရှင်လွှတ်ပေး ကြောင်း ရန်ကုန်တိုင်းတရားလွှတ်တော်မှ ယနေ့ ဇွန်လ ၁၈ ရက်တွင် အမိန့်ချမှတ်ခဲ့သည်။

ထို့ပြင် ကြည်လင်းနှင့် အောင်ဝင်းထွန်းကို မူလစွဲတင်ထားသည့် ပုဒ်မများအတိုင်းဆက်လက်စစ်ဆေးရန်နှင့် ဇေယျာဖြိုးအား ပူးပေါင်းကြံစည်မှု ပုဒ်မ- ၃၄ မှ ပူးပေါင်းကြံစည်မှု ပုဒ်မ ၁ဝ၉ သို့ပြောင်းလဲပြင်ဆင်လိုက်ကြောင်း တိုင်းတရားလွှတ်တော်မှ အမိန့်ချမှတ်လိုက်သည်။ ပုဒ်မ၁၀၉သည် ပင်မကျူးလွန်သူ၏ကျူးလွန်ခဲ့သော ပြစ်မှုအကြီးအသေးအလိုက် ပြစ်မှုရင်းအတွက် သတ်မှတ်ထားသော ပြစ်ဒဏ်အတိုင်းချမှတ်ရမည့် ပုဒ်မဖြစ်သည်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ၏ ဇနီးဖြစ်သူ ဒေါ်တင်အေးနှင့် အငှားယာဉ်မောင်းကိုနေဝင်း၏ဇနီး ဒေါ်စုသက် ခိုင်တို့က ကြည်လင်းအပါအဝင် ၄ ဦးကို အကြမ်းဖက်ဥပဒေဖြင့် ထပ်မံစွဲချက်တင်ပေးရန်၊ အောင်ဝင်းထွန်းအား ပုဒ်မ- ၂၁၂ မှ ၂၂၅ သို့ပြောင်း လဲစွဲချက်တင်ပေးရန် လျှောက်ထားမှုအားလည်း တိုင်းတရားလွှတ်တော်မှ ပယ်ချခဲ့သည်။

“ရာဇဝတ်ပြင်ဆင်မှု ၆၄(ခ)/၂ဝ၁၈ နဲ့အောင်ဝင်းဇော်က မကျေနပ်လို့ တက်ပါတယ်။အဲ့ဒီအမှုမှာတော့ အောင် ဝင်းဇော်ကို ပြင်ဆင်မှုကိုခွင့်ပြုတယ်။သူ့ကို ၁၉(ဃ)(စ) (လက်နက်ဥပဒေပုဒ်မ) နဲ့ ပတ်သက်တဲ့ဟာကိုတော့ တရားရှင် လွှတ်လိုက်ပါတယ်” ဟု ပြန်ကြားရေးအရာရှိက ပြောသည်။

အောင်ဝင်းဇော်အား ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှ ၃ဝ၂(၁)(ခ)/ ၃၄၊ လက်နက်ဥပဒေပုဒ်မ ၁၉(ဃ) (စ)တို့ဖြင့် စွဲချက်တင်ထားမှုအား တိုင်းတရားလွှတ်တော်မှ ပယ်ချခဲ့ကာ  ပုဒ်မ- ၃ဝ၂ (၁)(ခ)ဖြင့်သာ ဆက်လက်ဖြေရှင်းရမည်ဖြစ်ကြောင်း၊ လက်နက်အမှုမှာ တရားရှင်လွှတ်ကြောင်း အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ယင်းအမှုနှင့် ပတ်သက်ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်နေ့က သေနတ်သမားကြည်လင်းနှင့် ဇေယျာဖြိုး၊ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်းတို့ကို စွဲချက်တင်ခဲ့သည့် အမိန့်အပေါ် လုံလောက်မှုမရှိသည့်အတွက် ယခုကဲ့သို့ ထပ်မံအရေးယူ ပေးရန်လျှောက်ထားရခြင်းဖြစ်ကြောင်း တရားလိုများဘက်မှ လိုက်ပါဆောင်ရွက်သူ ရှေ့နေက မေလ ၂၅ ရက်နေ့က ပြောသည်။

ခရိုင်တရားရုံးတွင် ဥပဒေပုဒ်မ- ၃ဝ၂ (၁) (ခ)/ ၃၄ နှင့် ၃ဝ၂ (၂) ဖြင့် စွဲချက်တင်ထားသည့် သေနတ်သမား ကြည်လင်းနှင့် ဇေယျာဖြိုး၊ အောင်ဝင်းဇော်တို့အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၄၁၊ ၄၉၊ ၅၄ တို့ဖြင့် စွဲချက်တိုးမြှင့် ပေးရန်တိုင်း တရားရုံးကိုလျှောက်ထားခဲ့ခြင်းဖြစ်သည်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၂၁၂ ဖြင့် စွဲချက်တင်ထားသော အောင်ဝင်းထွန်းကို ပုဒ်မ ၂၁၂ အစား ၂၂၅ သို့ ပြောင်းလဲကာ ဥပဒေပုဒ်မ - ၃ဝ၂ (၁) (ခ)/ ၃၄၊ ၃ဝ၂ (၂) နှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၄၁၊ ၄၉၊ ၅၄ တို့ဖြင့် စွဲချက်တိုးမြှင့်ပေးရန် တရားလိုဘက်မှ လိုက်ပါဆောင်ရွက်သူ ရှေ့နေများက တိုင်းတရားရုံးသို့ လျှောက်ထားခဲ့ခြင်းဖြစ်သည်။

စွပ်စွဲခံရသူဘက်မှ ဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးကျော်ကျော်ထိုက်ကလည်း ကြည်လင်းအပါအဝင် ၄ ဦးကို ရာဇသတ်ကြီးဥပဒေဖြင့် စွဲချက်တင်ခြင်းကို အကြမ်းဖက်ဥပဒေဖြင့် ထပ်မံ တရားစွဲဆိုသည့် စီရင်ထုံး မရှိကြောင်း၊ စွပ်စွဲခံရသူများ အနေ ဖြင့် အကြမ်းဖက်ဥပဒေဖြင့် ငြိစွန်းမှုမရှိသည့်အတွက် အကြမ်းဖက်ဥပဒေပုဒ်မ- ၄၉(င) အား ပြတ်ပြတ်သားသား ပလပ်ပေးရန် တရားခွင်အတွင်း ပြီးခဲ့သည့် မေလ ၂၅ ရက်နေ့ကတိုင်း တရားရုံး၌ ကြားနာစစ်ဆေးစဉ် လျှောက်ထားခဲ့ခြင်းဖြစ်သည်။

အဆိုပါ နှစ်ဘက်လျှောက်ထားချက်များနှင့် ပတ်သက်ပြီး ယနေ့ ဇွန်လ ၁၈ ရက်နေ့တွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီး တိုင်းတရားရုံးတွင်  ရာဇဝတ်ပြင်ဆင်မှုလျှောက်ထားသူများအနေဖြင့် ပလပ်ခံရပါက ပြည်ထောင်စု တရား လွှတ်တော်သို့ ဆက်လက် လျှောက်ထားနိုင်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly