မန္တလေးအကျဉ်းထောင်စာဖြေဌာနမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သူများအား ဂုဏ်ပြုပွဲပြုလုပ်

မန္တလေးအကျဉ်းထောင်စာဖြေဌာနမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သူများအား ဂုဏ်ပြုပွဲပြုလုပ်
ဓာတ်ပုံ-ဘိုဘို

ဇွန် ၁၈ ။            ။ ၂၀၁၇-၁၈ခုနှစ် မန္တလေးအိုးဘိုအကျဉ်းထောင်အတွင်းစာစစ်ဌာနမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သူများအပါအဝင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူများကို ယနေ့ ဇွန်လ ၁၈ ရက်နေ့က မန္တလေးအိုးဘိုအကျဉ်းထောင်အတွင်းတွင် ဂုဏ်ပြုပွဲ ပြုလုပ်ပေးခဲ့ပြီး အလှူငွေ ကျပ် ၁၀၅ သိန်း ဂုဏ်ပြုလှူဒါန်းခဲ့ကြကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ခုနှစ် ပညာသင်နှစ်တွင် မန္တလေးအကျဉ်းထောင်စာစစ်ဌာန၌ အကျဉ်းသား/သူ စုစုပေါင်း (၅၅) ဦး တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုခဲ့ရာ သုံးဘာသာဂုဏ်ထူး (၄) ဦး ၊ နှစ်ဘာသာဂုဏ်ထူး (၄) ဦး ၊ တစ်ဘာသာဂုဏ်ထူး (၁၃) ဦး နှင့် ရိုးရိုးအောင် (၆) ဦး ဖြေဆိုအောင်မြင်ခဲ့ကြသည်။

“စေတနာရှင်ဆရာ/ဆရာမများရဲ့သင်ကြားပေးမှု၊အကျဉ်းသား/သူများရဲ့ ကြိုးစားအားထုတ်မှု၊တာဝန်ရှိသူများရဲ့ပံ့ပိုးကူညီမှုများကြောင့် ဂုဏ်ထူးရှင်တွေထွက်ပေါ်ခဲ့ပါတယ်။   ကျောင်းသား/သူတွေအတွက်လည်း ကျွန်တော်တို့စာသင်ဆောင်တွေဆောက်လုပ်ထားပါတယ်။ ဒီနှစ်မှာတော့ ဝင်ရောက်ဖြေဆိုမယ့် ကျောင်းသား/သူပိုများလာမှာဖြစ်ပါတယ်”ဟု အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဦး က ပြောသည်။

ဂုဏ်ပြုပွဲတွင် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် အကျဉ်းသား/သူများအား သင်ကြားပေးခဲ့သည့် အကျဉ်းကျနေသည့် အကျဉ်းသား ကျောင်းဆရာ/မ (၁၆) ဦး၊ အခြေခံပညာရေးဦးစီးဌာနမှ ဆရာ ဆရာမ (၉) ဦး နှင့် ပြင်ပမှ စေတနာဖြင့် လာရောက်သင်ကြားပေးသည့် ဆရာ ဆရာမ (၁၄) ဦး တို့ကိုလည်း ဂုဏ်ပြုခဲ့သည်။

“ကျွန်တော်က မူးယစ်ပုဒ်မနဲ့ အကျဉ်းကျတာဖြစ်ပါတယ်။ ကျွန်တော်ကအသက်မပြည့်သေးလို့ ၂၀၁၆ တည်းက အိုးဘိုထောင်ကိုရောက်ခဲ့ပါတယ်။ ကျွန်တော်ကအပြင်မှာဆိုးတယ်၊ပေခဲ့တယ်။ အခြေခံလည်းအရမ်းနည်းခဲ့တယ်။ အကျဉ်းထောင်ထဲက ဆရာ/မတွေ၊အကျဉ်းဦးစီးဌာနက တာဝန်ရှိသူတွေက သားသမီးတွေလိုပဲသဘောထားပြီး ဆိုဆုံးမသင်ကြားခဲ့လို့ အခုလို ၃ဘာသာဂုဏ်ထူးနဲ့အောင်မြင်ခဲ့တာဖြစ်ပါတယ်”ဟု ၃ဘာသာဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သူ မောင်ထက်ဆန်းစစ်က ပြောသည်။

တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည့် အကျဉ်းသား/သူများအတွက် တက္ကသိုလ်ဆက်လက်တက်ရောက်နိုင်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်းသိရသည်။

၄င်းဂုဏ်ပြုပွဲအခမ်းအနားတွင် စီးပွားရေးလုပ်ငန်းရှင်များနှင့် စေတနာရှင်များကလည်း လှူဒါန်းမှုများပြုလုပ်ခဲ့ကြပြီး အလှူငွေ စုစုပေါင်း ၁၀၅ သိန်းကျပ်ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly