မထသနေရာ၉နေရာကို YBS ယာဉ်ရပ်နားကွင်းအဖြစ် ကုမ္ပဏီများကို ငှားရမ်းထား

မထသနေရာ၉နေရာကို YBS ယာဉ်ရပ်နားကွင်းအဖြစ် ကုမ္ပဏီများကို ငှားရမ်းထား

ရန်ကုန်၊ ဇွန်လ ၁၈ ရက် ။             ။ မော်တော်ယာဉ်ထိမ်းသိမ်းရေးလိုင်းပေါင်းစုံ (မ.ထ.သ) မှ လွှဲပြောင်းရယူခဲ့သည့် မြေနေရာများမှ ၉ နေရာကို YBS ယာဉ်ရပ်နားကွင်းများအဖြစ် ကုမ္ပဏီ ၆ခုကို ငှားရမ်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ရန်ကုန်တိုင်းလွှတ်တော်တွင် ပြောခဲ့သည်။

ဇွန်လ ၁၈ရက် ဒုတိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဌမပုံမှန်အစည်းအဝေး ၄၇ ရက်မြောက်နေ့တွင် ဆိပ်ကြီးခနောင်တိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း၏ မေးခွန်းကို ဖြေကြားခဲ့ခြင်းဖြစ်သည်။ မ.ထ.သ မှ ရန်ကုန်တိုင်းဒေသကြီးမော်တော်ယာဉ်ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) သို့လွှဲပြောင်းရယူရာတွင် မည်သည့်နေရာများတွင် မြေကွက်လပ်အလွတ်မည်မျှရှိခဲ့သနည်းနှင့် ယခုအချိန်တွင် ငှားရမ်းခွင့်သက်တမ်းကုန်နေသော စာချုပ်များရှိမရှိ တို့ကို ဒေါ်စန္ဒာမင်းက မေးမြန်းခဲ့သည်။

လွှဲပြောင်းရယူသည်များထဲတွင် ယာယီသုံးစွဲခွင့်လိုင်စင်ချထားပြီးသည့် မြေကွက် ၁၃နေရာ၊ ဂရန်အမည်ပေါက်မြေကွက် ရနေရာ တို့ပါရှိပြီး မြေကွက်အလွတ်များမရှိခဲ့ကြောင်း ဆိုသည်။

ယာယီသုံးစွဲခွင့်လိုင်စင်ချထားပြီးသည့် မြေကွက်များအနက် YUPT ကုမ္ပဏီ၊ YBPC ကုမ္ပဏီ၊ Power Eleven ကုမ္ပဏီ၊ GYCT ကုမ္ပဏီ၊ အမြင့်မြတ်ဆုံးအင်အားစုများ ကုမ္ပဏီ၊ ရွှေတောင်ပိုင်း ကုမ္ပဏီ တို့ကို ယာဉ်ရပ်နားကွင်းအဖြစ် ငှားရမ်းပေးထားသည်။

"YBS တွင်ပါ၀င်ပြေးဆွဲနေတဲ့ ယာဉ်လိုင်းများမှယာဉ်များရပ်နားရန်အတွက် သန်လျင်ဒေသမှာရော နောက်ပြီးတော့ တက္ကသိုလ်များအခြေစိုက်ကားလိုင်းများပြေးဆွဲပေးဖို့အတွက်နဲ့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ဆိပ်ကမ်းမြို့နယ်၊ ရွှေပြည်သာမြို့နယ်များမှာလည်း ကျွန်မတို့အနေနဲ့ မြေကွက်များကိုရှာဖွေပြီးတော့ မြို့ပြနှင့်အိမ်ယာဖွံ့ဖြိုးရေးဦးစီးဌာန၊ YCDC အစရှိတဲ့ဌာနများမှမြေကွက်များကို ကျွန်မတို့အနေနဲ့လွှဲပြောင်းယူပြီး ယာဉ်ရပ်ဝန်းတွေအဖြစ်ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားအပ်ပါတယ်ရှင်" ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။

YRTA စတင်တာဝန်ယူချိန်မှစ၍ မ.ထ.သ မှ မော်တော်ကားကဲ့သို့သော ရွေ့ပြောင်းနိုင်သောပစ္စည်းများ၊ မရွေ့ပြောင်းနိုင်သောပစ္စည်းများ၊ ငွေသားများ၊ ဘဏ်စာရင်းများကို စာရင်းများနှင့်လက်ခံရယူခဲ့သည်ဟု ဒေါ်နီလာကျော်က ရှင်းပြသည်။

ယာယီသုံးစွဲခွင့်လိုင်စင်ချထားပြီးသည့် မြေကွက်များတွင် YUPT ကုမ္ပဏီ၏ ယာဉ်ရပ်နားကွင်း၊ ပစ္စည်းသိုလှောင်ရုံ၊ ယာဉ်ထိမ်းသိမ်းရေးနေရာများအဖြစ် ဒဂုံမြောက်ပိုင်းရှိ မြေကွက် ၂နေရာ၊ မြောက်ဥက္ကလာပမြို့နယ်တွင် ၁နေရာနှင့် သာကေတမြို့နယ်တွင် ၁နေရာ၊ YBPC ကုမ္ပဏီမှ ယာဉ်ရပ်နာကွင်းအဖြစ် သာကေတမြို့နယ်ရှိ မြေကွက် ၂နေရာ၊ Power Eleven ကုမ္ပဏီ၏ ယာဉ်ရပ်နားကွင်းအဖြစ် ရွှေပြည်သာမြို့နယ်ရှိမြေကွက် ၁နေရာ၊ GYCT ကုမ္ပဏီ၏ ယာဉ်ရပ်နားကွင်းအဖြစ် ဒဂုံတောင်ပိုင်းမြို့နယ် ၁နေရာ၊ အမြင့်မြတ်ဆုံးအင်အားစုများ ကုမ္ပဏီ၏ ယာဉ်ရပ်နားကွင်းအဖြစ် တောင်ဥက္ကလာပမြို့နယ် ၁နေရာ၊ ရွှေတောင်ပိုင်း ကုမ္ပဏီ၏ ယာဉ်ရပ်နားကွင်းအဖြစ် ခရမ်းမြို့နယ် ၁နေရာတို့ကို ငှားရမ်းထားခြင်းဖြစ်သည်။

YBSကားရပ်နားကွင်းများနှင့် ဘတ်စ်ကားများချိတ်ဆက်နိုင်ရေးကို YBS ဒုတိယနှစ်သက်တမ်းအတွင်း အဓိကထားဆောင်ရွက်သွားမည်ဟု ဇန်နဝါရီလ ၁၆ရက် YBS တစ်နှစ်ပြည့်အထိမ်းအမှတ်ပွဲတွင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags