ဂျပန်အနောက်ပိုင်းတွင် အင်အား ၆ ဒဿမ ၁ အဆင့်ရှိ ငလျင်လှုပ်၍ သေဆုံးဒဏ်ရာရမှုများ ရှိ

ဂျပန်အနောက်ပိုင်းတွင် အင်အား ၆ ဒဿမ ၁ အဆင့်ရှိ ငလျင်လှုပ်၍ သေဆုံးဒဏ်ရာရမှုများ ရှိ

 

တိုကျို၊ ဇွန် ၁၈ ။              ။ ဂျပန်နိုင်ငံ အနောက်ပိုင်းတွင် ရစ်ချ်တာစကေး ၆ ဒဿမ ၁ အဆင့်ရှိ ငလျင် ဇွန် ၁၈ ရက် နံနက်ပိုင်းက လှုပ်ရာတွင် လူတစ်ချို့သေဆုံးပြီး ဒဏ်ရာရသူ ဒါဇင်နီးပါးရှိကြောင်း ဂျပန်အစိုးရက ထုတ်ပြန်သည်။

ဒေသစံတော်ချိန် နံနက် ရ နာရီ ၅၈ မိနစ်က မြို့တော် တိုကျိုမှ အနောက်တောင်ဖက် ကီလိုမီတာ ၅၀၀ အကွာက ဂျပန်၏ အကြီးဆုံး ကျွန်းစုဖြစ်သော ဟွန်ရှူးကျွန်း အိုဆာကာပြည်နယ်တွင် မြေအောက် ၁၃ ကီလိုမီတာတွင် ဗဟိုပြု၍ လှုပ်သွားခြင်းဖြစ်ကြောင်း ဂျပန်မိုးလေဝသဌာနက ထုတ်ပြန်သည်။

ဆူနာမီ သတိပေးချက် ထုတ်ပြန်ထားခြင်း မရှိသည့် ယခု ငလျင်သည် အစောပိုင်းက အင်အား ၅ ဒဿမ ၉ အဆင့်ရှိပြီး မြေအောက် ၁၀ ကီလိုမီတာတွင် ဗဟိုပြုသည်ဟု တိုင်းတာခဲ့ခြင်းဖြစ်သော်လည်း နောက်ပိုင်းတွင် တွက်ချက်ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။

အမေရိကန်ဘူမိတိုင်းတာရေးဌာနကမူ အင်အား ၅ ဒဿမ ၃ အဆင့်ရှိပြီး မြေအောက် ၁၅ ဒဿမ ၃ ကီလိုမီတာတွင် ဗဟိုပြုသည်ဟု ထုတ်ပြန်ထားသည်။

ငလျင်ကြောင့် လူတစ်ချို့ သေဆုံးသည်ဟု အစိုးရက ထုတ်ပြန်သော်လည်း အရေအတွက်ကို ပြောဆိုခြင်း မရှိပေ။ အိုဆာကာပြည်နယ်တွင် ဒဏ်ရာရသူ ဆယ်ဦးထက်မနည်းရှိလိမ့်မည်ဟု ဒေသအာဏာပိုင်များက ခန့်မှန်းထားသည်။

အိုဆာကာပြည်နယ်တွင် ရေကူးကန်နံရံ ပြိုကျရာမှ ကိုးနှစ်အရွယ် ကလေးမလေးတစ်ဦး သေဆုံးကြောင်း NHK သတင်းက ထုတ်ပြန်သည်။

ထိုပြင် အိုဆာကာနှင့် တာကာဆူကီတို့တွင် အဆောက်အအုံအချို့ ပြိုကျကာ မီးလောင်မှုများ ရှိနေကြောင်း၊ ထိုအပျက်အစီးများအောက် လူများ ပိတ်မိနေနို်င်ကြောင်း NHK သတင်းက ဖော်ပြထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly