မော်လမြိုင်တွင် ရေဘေးသင့်အိမ်ထောင်စုများကို ဘေးလွှတ်ရာရွှေ့ပြောင်း၊ အကူညီများ လိုအပ်နေ

မော်လမြိုင်တွင် ရေဘေးသင့်အိမ်ထောင်စုများကို ဘေးလွှတ်ရာရွှေ့ပြောင်း၊ အကူညီများ လိုအပ်နေ

မော်လမြိုင် ၊ ဇွန် ၊ ၁၇ ။            ။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ဇွန်လ ၁၇ ရက်နေ့ နံနက်ပိုင်းက လေပြင်းများတိုက်ခတ်ပြီး မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကျိုက်သံလန်ဘုရား အရှေ့ဘက်မုဒ်ဦးအနီး  မြေသားနံရံများပြိုကျခြင်းအပြင် မြို့ပေါ် လမ်းမကြီးများနှင့် ရပ်ကွက်အချို့တွင် ရေများဝင်ရောက်လာသောကြောင့် ရပ်ကွက်နေသူအချို့အား   ဘေးလွတ်ရာသို့   ရွှေ့ပြောင်းပေးနေရကြောင်း သိရသည်။

" ည ၁၂ နာရီကျော်လောက်မှာ ကောင်ကင်က နီပြီး လျှပ်စစ်လက် မိုးကြိုးပစ်နေတာ ကြောက်ဖို့ ကောင်းတယ်။ မိုးသီးတွေတောင် နည်းနည်းပါးပါး ကြွေနေသေးတယ်။ မိုးကလည်းများ၊ ရေလည်း တက်တဲ့အချိန်နဲ့ သွားဆုံတော့ ပိုဆိုးသွားတယ်။ကျွန်မတို့အိမ်က အောက်ခြေအမြင့် ၅ ပေလောက်ရှိတယ်။ အိမ်ပေါ်မှာနေရင် တောင် ဒူးခေါင်းလောက်အထိ ရေက နစ်နေပြီ။ အိမ်ပေါ်ကနေ အောက်ဘက်ကို ဆင်းရင် ရင်ဘတ်လောက် အထိကို မြှပ်တာ။မိုးလင်းလာတာနဲ့ အခြေအနေမကောင်းတော့ ဒီနားက အ.မ.ကကျောင်းမှာ ကယ်ဆယ်ရေး စခန်းတွေ ဖွင့်ထားတယ်ဆိုလို့ ဒီကို အကုန်ပြောင်းလာကြတယ်။ အဝတ်အစားနဲ့ စားသောက်မှုကတော့ ဒီအနီးအနားက လူမှုရေးအသင်းအဖွဲ့တွေက လာရောက်ထောက်ပံ့ပေးနေပါတယ်" ဟု ဘဲကုန်းရပ်ကွက်မှ ရေဘေးသင့်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ မိုးရွာသွန်းမှုမှာ မိုးရေချိန် ၁၃.၇ စင်တီမီတာခန့်ရှိပြီး မြို့နယ်အတွင်း သစ်ပင်ကြီးများနှင့် ဓါတ်မီးတိုင် များ ကျိုးကျခြင်း၊ မော်လမြိုင်ပြည်သူ့ဆေးရုံကြီး ခြံစည်းရိုးကျိုးပဲ့ခြင်းများ ဖြစ်ပေါ်ခဲ့သည်။ ထို့ပြင်

မော်လမြိုင်မြို့ ကျိုက်သံလန်ဘုရား အရှေ့ဘက်မုဒ်ဦး အနီး မြေသားနံရံများ ပြိုကျပြီး ဘုရားဝင်း အတွင်းရှိ ဓါတ်လှေကား၊ စောင်းတန်းနှင့် ဘုရားအောက်နားရှိ ဘုန်းကြီးကျောင်းမှ ကျောင်းဆောင်များ ပျက်စီးခဲ့ကြောင်း သိရသည်။

" မနက် ၄ နာရီ လောက်မှာ မြေကစပြိုနေပြီး အာရုံဆွမ်းကမန်ကတမ်းဘုမ်းပြီး၊ အပေါ်ကျောင်းမှာ ရှိနေတဲ့ ဦးဇင်း ၃ ပါး ကို လှမ်းခေါ်တာ၊ မကြားတော့၊ ကျောင်းကဒကာနဲ့ အပေါ်တက်ခေါ်တယ်။   အောက်ရောက်ပြီး သိပ်မကြာဘူး၊ မြေသားတွေက တထပ်ကြီး ပြိုကျလာတော့တာပဲ။ ကျိုက်သံလန်ဘုရားပေါ်က ဘုရားတစ်ဆူနဲ့ ညောင်ပင်တွေ အကုန်ပြိုကျကုန်တာ၊ အောက်မှာရှိတဲ့ ကား ၂ စီးနဲ့ ဦးဇင်းတို့ကျောင်းဆောင် ၉ ဆောင် လောက် ပျက်စီးသွားတယ်။ မိုးသာထပ်ရွာနေအုန်းမယ်ဆိုရင် ထပ်ပြိုအုန်းမယ်၊ ဦးဇင်းကြည့်နေတာ ဘေးနားက ဓါတ်လှေကားအသစ်တောင် နဲနဲစောင်းသွားသလိုပဲ" ဟု ကျိုက်သလံဘုရားအောက်ရှိ အသောကာရာ ကျောင်းထိုင်ဆရာတော် ဦးကုသလက က မိန့်ကြားသည်။

လက်ရှိတွင် မော်လမြိုင်မြို့ အောက်လမ်းမကြီးနှင့် အလယ်လမ်းများတွင် ရေများကျော်နေကာ အချို့သော ရပ်ကွက်များတွင် နေအိမ် နစ်မြှပ်သွားသူများအတွက် ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ၊ စာသင်ကျောင်းများတွင် ကယ်ဆယ်ရေးစခန်းများ ဖွင့် လှစ်ပေးထားကြောင်း သိရသည်။ လတ်တလော၌ မော်လမြိုင်မြို့နယ်တွင် ကယ်ဆယ်ရေးစခန်း ၁၇ ခုခန့် ဖွင့်လှစ်ထားပြီး လူဦးရေ ၂၃၈၃ ဦးဝန်းကျင် နေထိုင်ရေးနှင့် အစားအသောက် လိုအပ်နေလျှက်ရှိကြောင်း၊ သိရသည်။

မွန်ပြည်နယ်အတွင်း မြို့နယ် ၁၀ မြို့နယ်မှ မော်လမြိုင်မြို့နယ်၊ ကျိုက်မရောမြို့နယ်၊ မုဒုံမြို့နယ်၊ သံဖြူဇရပ် မြို့နယ်၊ ချောင်းဆုံမြို့နယ်နဲ့ရေးမြို့နယ်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကားလမ်းများရေကျော်ခြင်း၊ တောင်လမ်းများ မြေပြိုခြင်းနဲ့လူနေအိမ်များနစ်မြှုပ်ခြင်းတို့ ဖြစ်ပွားခဲ့ပြီး ပေါင်မြို့နယ် မုတ္တမတိုက်နယ် ဆေးရုံ ရှေ့နှှင့် အ.ထ.ကမုတ္တမကျောင်းရှေ့ရှိ အမြန်လမ်းမတွင် ရေများ ကျော် နေသဖြင့် သံလွင်တံတား ( မော်လမြိုင် )အား ခေတ္တခဏ ပိတ်ထားရကြောင်း သိရသည်။

မော်လမြိုင်မြို့တွင် လွန်ခဲ့သောနှစ်(၃၀)ခန့်က ရေကြီးမှုတွေ့ကြုံခဲ့ပြီး ယခုနှစ်တွင် ရေကြီးမှုသည် ယခင်ကထက် ပိုမိုများပြားကြောင်း ဒေသခံများထံမှ သိရသည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေး နှင့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံတို့သည် ယနေ့ ဇွန်လ ၁၇ ရက် မွန်းလွဲပိုင်းတွင် မော်လမြိုင်နှင့် မုတ္တမမြို့များမှ ရေကြီးနစ်မြှုပ် ပျက်စီးသည့် နေရာများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ထို့ပြင် မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် များလည်း  သွားရောက်စစ်ဆေး ကြည့်ရှုခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးက မုတ္တမမြို့အတွင်း မိုးရွာသွန်းမှုကြောင့် နေအိမ်ပြိုကျခြင်း၊ အမိုးလန် ပျက်စီးခြင်းတို့ အတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကာ မူလတန်းလွန်ကျောင်း (ကိုဝချောင်) ယာယီရေဘေးရှောင် စခန်းသို့ သွားရောက်၍ ရေဘေးသင့် ပြည်သူများနှင့်တွေ့ဆုံ အားပေးစကားပြောကြားပြီး လတ်တလော စားနပ်ရိက္ခာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းနှင့်ပြန်ကြားရေးမှ ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly