၉၈ စီးပွားရေးအကျပ်အတည်းနောက်ပိုင်း အာဆီယံ အကြီးဆုံးကုမ္ပဏီများ၏ ကြွေးမြီမှာ ၆ဆအထိ အန္တရာယ်ကြီးမားစွာ ခုန်တက်မြင့်မားလာ

၉၈ စီးပွားရေးအကျပ်အတည်းနောက်ပိုင်း အာဆီယံ အကြီးဆုံးကုမ္ပဏီများ၏ ကြွေးမြီမှာ ၆ဆအထိ အန္တရာယ်ကြီးမားစွာ ခုန်တက်မြင့်မားလာ

စင်ကာပူ၊ စက်တင်ဘာ - ၁ ။      ။ အရှေ့တောင်အာရှနိုင်ငံများသည် ဒေသတွင်းစီးပွားရေး အကျပ်အတည်းနောက်ပိုင်းတွင် အကြွေးကို ခြောက်ဆမျှ တိုးမြှင့်ခဲ့ကြသောကြောင့် ရင်းနှီးမြှုပ်နှံသူများက ၁၉၉၈ စီးပွားရေးပြိုကွဲမှုအခြေအနေနှင့် နှိုင်းယှဉ်နေကြ၍ ကြွေးဆပ်ရန် ပျက်ကွက်နိုင်သည့်ဖြစ်နိုင်ခြေအပေါ် စိုးရိမ်မှုများ ထွက်ပေါ်လာနေသည်။

Bloombergမှ ပြုစုထားသည့် အချက်အလက်များအရ ထိုင်းနိုင်ငံ၏ CP All Pcl၊ ဖိလစ်ပိုင်မှ Petorn Corp နှင့် စင်ကာပူ၏ Wilmar International Ltd တို့အပါအဝင် ဒေသတွင်း အကြီးဆုံးကုမ္ပဏီ ၁၀၀ မှာ ဇွန်လ ၃၀ရက်နေ့အထိ ကြွေး ကန်ဒေါ်လာ ၃၉၂ဘီလျံအထိ စုံပုံလာခဲ့ပြီး ယင်းပမာဏမှာ ၁၉၉၈ ဒီဇင်ဘာလကထက် ခြောက်ဆ ပိုမိုတိုးမြင့်လာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဓနဥစ္စာပိုင်ဆိုင်မှုများ၏ အချိုးတစ်ခုအနေဖြင့် ကြွေးဝန်မှာလည်း ၂၀၁၀ခုနှစ်က ၂၉.၅ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ ယခုနှစ်တွင် ၃၁.၇ရာခိုင်နှုန်းအထိ စီးပွားရေးအကျပ်အတည်း ကာလအဆင့်နီးပါး အထိပြန် တက်လာခဲ့သည်။

ဒေသတွင်း ဖွံ့ဖြိုးမှု နှေးကွေးလာပြီး တရုတ်ယွမ်ငွေ တန်ဖိုးချမှုနှင့် အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်းမြှင့်တင်မည့်အလားအလာများက အရှေ့တောင်အာရှတစ်ခွင် တွင်အောက်ဈေးနှင့်ရောင်းချမှု ကိုဖြစ်ပေါ်စေပြီး ရင်းဂစ်နှင့် ရူပီးငွေကြေးများကိုလည်း ၁၉၉၈နောက်ပိုင်း အနိမ့်ဆုံးအဆင့်အထိ ထိုးကျသွားစေခဲ့သည်။

ဂျပန်ပြင်ပ အာရှတစ်ခွင်တွင် ကြွေးပြန်မဆပ်နိုင်ခြေမှာ ၂၀၁၅ခုနှစ်တွင် ယမန်လက သိသိသာသာခုန်တက်သွားခဲ့ပြီး ရှယ်ယာဈေးနှုန်းများမှာလည်း ၂၀၁၁ခုနှစ်နောက်ပိုင်းတွင် အဆိုးရွားဆုံး ကျဆင်းသွားခဲ့ သည်။

 ‘ကုမ္ပဏီတွေဟာ ပြန့်ကားကြီးထွားမယ့် အလားအလာအပေါ်မှာ ခြေချထားတုန်းပါပဲ။ လမ်းက အဆင်းကိုပြနေတဲ့အချိန်မှာတောင်မှာ နှေးကွေးသွားမယ့်လက္ခဏာမရှိပါဘူး’’ဟု  စင်ကာပူ Standard & Poor’s မှ အာရှပစိဖိတ် ကော်ပိုရိတ်အဆင့်သတ်မှတ်မှုဌာန ဒါရိုက်တာ ဘာထရန် ဂျဘူလေးက ပြောကြားခဲ့သည်။ ‘ကြွေးနဲ့မတည်ထားတဲ့ စီးပွားရေးပြန့်ကားမှုက ကော်ပိုရိတ်အကျိုးအမြတ်ကို အားနည်း သွားစေတဲ့အချိန်မှာ ငွေတန်ဖိုးချလိုက်တော့ ကိတ်မုန့်ပေါ်ကို အခါးတွေလောင်းလိုက်သလိုပါပဲ’’ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

S&P ၏ ပြောကြားချက်အရ ၂၀၁၀နှင့် ၂၀၁၄ခုနှစ်များအတွင်း မလေးရှား၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားကုမ္ပဏီများအတွက် နိုင်ငံခြားကြွေးမြီမှာ ပြည်တွင်းကြွေးမြီထက် သုံးဆမျှ လျင်မြန်စွာ ကြီးထွားလာ ခဲ့သောကြောင့် ထိုကုမ္ပဏီများတွင် စုစုပေါင်းကြွေးမြီ၏ ၃၀မှ ၅၀ရာခိုင်နှုန်းမှာ နိုင်ငံခြားကြွေးမြီဖြစ်သည်ဟု ဆိုသည်။

ဒေသတွင်းတွင် ကြွေးပြန်ဆပ်နိုင်ခြေမှာလည်း ကျဆင်းလျှက်ရှိပြီး စိုးရိမ်စရာလမ်းကြောင်းပေါ် ရောက်ရှိနေသည်ဟု ဆိုးလ်ရှိ Mirae Asset Global Investments Co.မှ ကမ္ဘာနှင့်အဝန်းဝင်ငွေဆိုင်ရာ အကြီးအကဲ ကင် ဂျင်းဟာက ပြောကြားခဲ့သည်။

‘ကမ္ဘာနှင့်အဝန်း စီးပွားရေးပြန်ကောင်းမလာခင်အထိ နောက်ပြန်လည်ဖို့ သိပ်မမြင်မိပါဘူး။ ကြွေးပြန်မဆပ်နိုင်ခြေက ခြေလှမ်းမှန်မှန်နဲ့ တိုးတက်လာနေပါတယ်။ နောက်ထပ် အမေရိကန်ဒေါ်လာ ပိုမာလာ ဦးမယ်ဆိုရင် ကြွေးဝန်ပိနေတဲ့ကော်ပိုရေးရှင်းတွေ ပိုပြီးထိခိုက်နစ်နာကြဦးမှာပါ’’ဟု ၎င်းက ပြောကြားသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly