ပွင့်ဖြူမြို့နယ်တွင် ရေဘေးသင့်အိမ်ထောင်စု ရ၅ စု အတွက် လူမှုဝန်ထမ်းမှ ထောက်ပံ့

ပွင့်ဖြူမြို့နယ်တွင် ရေဘေးသင့်အိမ်ထောင်စု ရ၅ စု အတွက် လူမှုဝန်ထမ်းမှ ထောက်ပံ့

မကွေး၊ ဇွန် ၁၆ ။          ။ မကွေးတိုင်းဒေသကြီးအတွင်း အဆက်မပြတ် မိုးရွာသွန်းခဲ့ခြင်းကြောင့် ပွင့်ဖြူမြိုု့နယ် ရွှေလှေအုပ်စုမှ ရိုးကုန်း ကျေးရွာတွင် မုန်းချောင်းကမ်းပါပြိုကျ၍   ရွှေ့ပြောင်းရသောအိမ်ထောင်စု ရ၅ စု အတွက် ယနေ့ဇွန်လ ၁၆ ရက်နေ့က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်   ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊   ပြည်ထောင်စုဝန်ကြီး   ဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့က စားနပ်ရိက္ခာထောက်ပ့ံငွေများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ရွှေ့ပြောင်းရသော အိမ်ထောင်စု ရ၅ စုအတွက် တစ်အိမ်ထောင်လျှင် တစ်သိန်းကျပ်နှင့်ဆန်ဖိုးငွေ တစ်ဦး လျှင် ၂၁၀၀ ကျပ် ထောက်ပံ့ပေးခဲ့ပြီး ပွင့်ဖြူမြို့၊ ရွှေပန်းမြိုင်ဘုရားတစ်ဆောင်ရှိ   ရေဘေးရှောင်စခန်း ၁၀ ခုမှ ပြည်သူများအတွက် တစ်ဦးလျှင် ၂၁၀၀ကျပ် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်နေ့ကလည်း စကုမြို့၊ မြို့ပေါ်ရပ်ကွက် ၃ ခုနှင့် ပတ်ဝန်းကျင်ကျေးရွာ ၈ ရွာမှ စကုမြို့ဂေါ်ဆွမ်း ဓမ္မာရုံ၌ ယာယီရေဘေးခိုလှုံသူ ၄၀၁၅ ဦးအတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် (၉,၀၆၁,၅၀၀) ကိုပြည်ထောင်စု ၀န်ကြီးက ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

ဇွန်လ ၁၀ ရက်မှ စတင်ဖြစ်ပေါ်ခဲ့သည် မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများသည် မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး ၊ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်နေရာ အချို့တွင် ဖြစ်ပွားခဲ့ပြီး အများဆုံး ဖြစ်ပွားခဲ့သည့် မကွေးတိုင်းဒေသကြီးအတွင်းရှိ နေရာဒေသများသို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ လူသားချင်းစာနာထောက်ထားမှု အကူအညီများကို အမြန်ဆုံးသွားရောက် ထောက်ပံ့လျက်ရှိကြောင်း သိရသည်။

ဖြစ်ပေါ်လျက်ရှိသော ရေကြီးရေလျှံမှုများနှင့် ပတ်သက်၍ ဘေးသင့်ပြည်သူ များ အတွက် ထောက်ပံမှုများ ဆောင်ရွက်လျက် ရှိသည့်နည်းတူ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကိုလည်း ပိုမိုအလေးပေးဆောင်ရွက် လျက် ရှိပြီး သက်ဆိိုင်ရာအစိုးရ အဖွဲ့များ၊ ၀န်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly