ထီးချိုင့် ကျောက်မီးသွေးစီမံကိန်းအား ပြန်စိစစ်သင့်ကြောင်း သယံဇာတကော်မတီ အကြံုပြု

ထီးချိုင့် ကျောက်မီးသွေးစီမံကိန်းအား ပြန်စိစစ်သင့်ကြောင်း သယံဇာတကော်မတီ အကြံုပြု
ထီးချိုင့်မြို့နယ်၊ ဟင်္သာကြိုးဝိုင်းအတွင်းရှိ ပျောက်မီးသွေးစီမံကိန်း။ (ဓာတ်ပုံ- စစ်ကိုင်းတိုင်း MATA)

မုံရွာ၊ ဇွန် ၁၆။          ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်ရှိ ကျောက်မီးသွေးစီမံကိန်းအား ပြန်လည်စိစစ်သင့်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိ န်းသိမ်းရေးကော်မတီ အဖွဲ့ဝင်များက ပြောသည်။

ထီးချိုင့်မြို့နယ်၊ မြတောင်ဒေသ၊ ဟင်္သာကြိုးဝိုင်းအတွင်းရှိ စီမံကိန်းသည် အမှန်တကယ် ခွင့်ပြုသင့်သော စီမံကိန်း ဟုတ်မဟုတ်အား ပြန်လည်စိစစ်သင့်ကြောင်း။ လွှတ်တော်သို့လည်း တင်ပြထားပြီးဖြစ်ကြောင်း ၄င်းတို့ကပြောသည်။

"စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နေသူတွေက ကျောက်မီးသွေးအရည်အသွေးည့ံလို့ မကိုက်ကြောင်း ပြောပါတယ်။ သက်ဆိုင်ရာတာဝန်ရှိသူ တွေကလည်း အမှန်တကယ်ထုတ်လုပ်သင့်တဲ့ စီမံကိန်း ဟုတ်၊ မဟုတ်ကို ပြန်လည်စိစစ်သင့်ပါတယ်။" ဟု ဦးစောမောင်ကပြောသည်။

ထို့ပြင် သစ်တောစာချုပ်ပါစည်းကမ်းချက်များကို လိုက်နာရန်နှင့် စီမံကိန်းအတွက်အသုံးပြုသော သစ်သုံးစွဲမှုများကိုလည်း သစ်တောဥပဒေနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်ကြောင်း ၄င်းကပြောသည်။

"မြေအောက်လှိုဏ်ခေါင်းတူးဖော်ရာ၌ အသုံးပြုတဲ့ တိုင်လုံးများနှင့် လူနေအဆောက်အဦများမှာ အသုံးပြုနေတဲ့ သစ်တွေဟာ သစ်တောဦးစီးဌာနရဲ့ ခွင့်ပြုချက်ရယူထားခြင်း မတွေ့ရှိခဲ့ရပါဘူး" ဟု ၄င်းက ဆက်လက် ပြောသည်။

အဆိုပါ သစ်တောကြိုးဝိုင်းအတွင်းရှိ ကျောက်မီးသွေး စီမံကိန်းသည် အိ(စ်ထ်)ရိန်းဂျားမိုင်းနင်းကုမ္ပဏီမှ ဓါတ်သတ္တုအသေးစားထုတ်လုပ်နေသော စီမံကိန်းတစ်ခုဖြစ်ပြီး ခွင့်ပြုနယ်နိမိတ်အကျယ် ၁၀၀ ဧကဖြင့် ဟင်းလင်းဖွင့်တူးဖော်ခြင်း၊ မြေအောက်တူးဖော်ခြင်း နည်းစနစ်တို့ရရှိထားကြောင်း သိရသည်။

စီမံကိန်းအထောင်အထည်ဖော်ရာတွင် ယခင်ကလည်း လှိုဏ်ခေါင်းပြိုကျခဲ့ပြီး ယခုတူးဖော်ထားမှုသည်လည်း ခိုင်ခန့်မှုအားနည်းကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ အဖွဲ့ဝင်တစ်ဦးကပြောသည်။

အဆိုပါစီမံကိန်းသည် စမ်းသပ်ခွင့်ကာလကတည်းက တူးဖော်ထုတ်လုပ်ရောင်းချလျှက်ရှိကြောင်း ဒေသခံများထံမှ သိခဲ့ရပြီး ၄င်းလုပ်ရပ်သည် သတ္ထုတွင်း ဦးစီးဌာနမှ ခွင့်ပြုထားသည့် လိုင်စင်ပါစည်းကမ်းချက်များ ကို ချိုးဖော်လျှက်ရှိကြောင်း ယင်းကော်မတီထံမှသိ ရသည်။

ထီးချိုင့်မြို့နယ်၊ မြတောင်ဒေသ၊ ဟင်္သားကြိုးဝိုင်း အတွင်းရှိ ကျောက်မီးသွေးသတ္ထုစီမံကိန်းအား စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးကော်မတီနှင့် စစ်ကိုင်းတိုင်းဒေသကြီး MATA အဖွဲ့တို့ ဖေဖော်ဝါရီလ အတွင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly