နာမည်လေးလှသလို ကျန်းမာရေးအတွက် ကောင်းတဲ့ ငွေနှင်းမှို

နာမည်လေးလှသလို ကျန်းမာရေးအတွက် ကောင်းတဲ့ ငွေနှင်းမှို

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

မှိုပွင့်ဖြူဖြူလေးတွေ ရောင်းနေတာမြင်တော့ သိပ်မကြာခင်က အွန်လိုင်းမှာ ခေတ်စားခဲ့တဲ့ အိမ်တွင်းမှိုစိုက်ပျိုးရေးကိစ္စသတိရမိသေးတယ်။ မှိုမျိုးစေ့ထုပ်ဝယ်ပြီး အိမ်မှာ အလွယ်တကူစိုက်လို့ရတယ်ဆိုတဲ့ ကြော်ငြာလေးကို တော်တော်များများစိတ်ဝင်စားခဲ့ကြတာပေါ့။ မှိုဆိုရင် ကောက်ရိုးမှိုပဲ နာမည်သိကြတာများပေမယ့် ဒီလိုအလွယ်စိုက်လို့ရတယ်ဆိုတဲ့မှိုက ငွေနှင်းမှိုပါတဲ့။ အရောင်ကတော့ တစ်ခါတလေ အဖြူ၊တစ်ခါတလေ ဖြူညိုညိုအရောင်လေးရှိတတ်တယ်။

အိမ်မှာ နေရာလေးတစ်နေရာ(ရေချိုးခန်းဖြစ်ဖြစ် အစိုဓာတ်ရတဲ့နေရာ)ပေးထားရင် တစ်ထုပ်ဆို လေးငါးကြိမ်ပွင့်သတဲ့။ အလုပ်မရှုပ်၊ဂရုစိုက်နေစရာမလိုဘဲ တစ်ကြိမ်ပွင့်ရင် ခြောက်ဆယ်သားကနေ တစ်ပိဿာလောက်ရတယ်ဆိုပဲ။ အမှန်တော့ နာမည်သာမရင်းနှီးကြတာ ဟော့ပေါ့စားလည်း ပါနေကျ၊ တရုတ်ဟင်းလျာတွေမှာလည်း ပါနေကျ၊ နာမည်မသိဘဲလည်း စျေးကဝယ်ချက်နေကျပဲဆိုတာ သတိမထားမိကြပါဘူး။ ငွေနှင်းမှိုဆိုတာ ဒါကိုး လို့ ကိုယ်တိုင်တောင် သိကာစက ပြောမိရဲ့။

ချိုဆိမ့်တဲ့အရသာရှိပြီး ခရုဆီထည့်ကြော်လိုက်ရင် အိအိလေးနဲ့အရသာရှိလှတဲ့ ချစ်စရာငွေနှင်းမှိုက ဆေးဖက်ဝင်တဲ့အာနိသင်တွေရှိတယ်ဆိုတာသိရင်ရော အိမ်မှာဝယ်စိုက်ကြတော့မှာပဲနော်။ ကဲ ငွေနှင်းမှိုက ဘယ်လောက်တောင် ကျန်းမာရေးကို အကျိုးပြုနိုင်လဲဆိုတာ ပြောပြမယ်နော် –

ကိုလက်စထရောကျစေခြင်း

ငွေနှင်းမှိုက ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ကိုလက်စထရောေတွကို ကျဆင်းစေတဲ့အစွမ်းသတ္တိရှိပါတယ်။ သူ့ရဲ့သဘာဝအာနိသင်ကိုက ခန္ဓာကိုယ်ထဲမှာ လိုအပ်တဲ့အဆီဓာတ်နဲ့ မကောင်းတဲ့ကိုလက်စထရောတွေကို ခွဲခြားပေးနိုင်စွမ်းရှိတာဖြစ်ပါတယ်။

သွေးတိုးကျစေခြင်း

ငွေနှင်းမှိုဟင်းလျာတစ်ပွဲဆို ပိုတက်စီယမ်ဓာတ်ေတွ လုံလုံလောက်လောက်ပါဝင်တာကြောင့် သွေးတိုးရောဂါရှိသူတွေပုံမှန်ထည့်သွင်းစားသုံးသင့်တဲ့ ဟင်းချက်ပစ္စည်းတွေထဲပါဝင်တာဖြစ်ပါတယ်။ ပိုတက်စီယမ်က သွေးကြောတွေကို ပြေလျော့စေဖို့ အထောက်အကူပြုနိုင်တာဖြစ်လို့ပါ။

သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းညှိပေးနိုင်ခြင်း

ခန္ဓာကိုယ်ထဲမှာ အင်ဆူလင်ပမာဏမလုံလောက်ရင် ဆီးချိုဖြစ်စေပါတယ်။ အင်ဆူလင်ထုတ်လုပ်ဖို့ ကယ်လ်စီယမ်လိုအပ်ပါတယ်။ အင်ဆူလင်ကိုတုံ့ပြန်နိုင်စွမ်းပိုကောင်းစေဖို့နဲ့ ရောင်ရမ်းမှုလျော့ကျစေဖို့ ဗီတာမင်ဒီက လုပ်ဆောင်ပေးပါတယ်။ ငွေနှင်းမှိုမှာပါဝင်တဲ့ ဗီတာမင်ဒီက အမျိုးအစား၁ နဲ့ အမျိုးအစား ၂ ဆီးချိုေသွးချိုရောဂါနှစ်မျိုးလုံးကိုကာကွယ်ပေးနိုင်ပါတယ်။

ကိုယ်ခံအားမြင့်စေခြင်း

မှိုကနေရရှိတဲ့ သံဓာတ်ေကြာင့် ကိုယ်ခံအားစနစ်ကို အားကောင်းစေတာပါ။ ငွေနှင်းမှိုမှာ ဆယ်လီနီယမ်၊ ကော့ပါးနဲ့ ဇင့် တို့လို တခြားသတ္တုဓာတ်တွေလည်းအများကြီးပါဝင်တာကြောင့် ကိုယ်ခံအားအတွက်ပိုကောင်းပါတယ်။ ဒါ့ကြောင့် ရောဂါပိုးတွေဝင်မလာနိုင်အောင် ကာကွယ်ခုခံနိုင်တာဖြစ်ပါတယ်။

နှလုံးေသွးကြောကျန်းမာရေး

ကိုလက်စထရောတွေကို ထိန်းညှိနိုင်တဲ့အပြင် ဗီတာမင် B3 က နှလုံးရောဂါဖြစ်စေတဲ့ သွေးကြောကျဉ်းခြင်း(atherosclerosis) ကို လျော့စေပါတယ်။ histamine ထွက်ရှိမှုနဲ့ရောင်ရမ်းခြင်းကို လျော့ကျစေပြီး သွေးလည်ပတ်မှုကို ပိုကောင်းစေပါတယ်။

စိတ်ကျဝေဒနာသက်သာစေခြင်း

စိတ်ညစ်နေရင် အပြင်လေးဘာလေးထွက်ပါလား ဆိုတဲ့အကြံပြုချက်က အလကားတော့မဟုတ်ပါဘူး။ အပြင်ထွက်လို့ စိတ်ပေါ့ပါးသွားတယ်ဆိုတာ စိတ်ပြေလက်ပျောက်ဖြစ်တာအပြင် နေရောင်ခြည်ခံယူလိုက်တဲ့အခါ ဗီတာမင်ဒီကြောင့် စိတ်ခွန်အားမြင့်တက်စေနိုင်လို့ပါ။ ငွေနှင်းမှိုမှာ ဗီတာမင်ဒီကြွယ်ဝလို့ နည်းနည်းချင်းပုံမှန်စားပေးရင် စိတ်ကျခြင်း စက်ကွင်းကလွတ်မြောက်စေနိုင်ပါလိမ့်မယ်။

သွေးအားကောင်းေစခြင်း

သွေးတွင်းအောက်ဆီဂျင်ပမာဏမလုံလောက်ခြင်း၊ သွေးနီဥဆဲလ်ထုတ်လုပ်မှုနည်းခြင်းတို့က သွေးအားနည်းစေတဲ့အကြောင်းရင်းတချို့ပါ။ ဒီအခြေအနေကို မဖြစ်အောင် ဗီတာမင် B2 က ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင် B2  က သွေးအားကောင်းဖို့ အဓိကအရေးပါသလို ခန္ဓာကိုယ်တွင်းအောက်ဆီဂျင်ပေးပို့ခြင်းမှာ ကူညီပေးတယ်၊ သံဓာတ်ကို အထောက်အပံ့ပေးတယ်။  သွေးအားနည်းနေတဲ့ သက်သက်လွတ်စားသူတွေဆိုရင် ငွေနှင်းမှိုမှာပါတဲ့ ဗီတာမင် B2 နဲ့ သံဓာတ်ကြောင့် အိုကေပြီလေ။

ဝမ်းချုပ်ခြင်းကိုသက်သာစေခြင်း

ဝမ်းချုပ်တယ်ဆိုတာ အစာခြေစနစ်ရဲ့လုပ်ဆောင်ချက်မကောင်းလို့ဖြစ်လာတာပါ။ အစာချေဖျက်မှုနှေးကွေးစေတဲ့အကြောင်းရင်းတွေထဲကတစ်ခုကတော့ အမျှှင်ဓာတ်တွေအလုံအလောက်မရရှိလို့ပဲဖြစ်ပါတယ်။ ငွေနှင်းမှိုခပ်ကြီးကြီးတစ်ပွင့်မှာတင်ပဲ တစ်နေ့တာလိုအပ်တဲ့ အမျှင်ဓာတ်ရဲ့ ၁၄ % ကိုရရှိနိုင်တာဖြစ်လို့ ပုံမှန်စားပေးသင့်တဲ့အစားအစာတစ်ခုဖြစ်ပါတယ်။ အမျှင်ဓာတ်များများပါတဲ့ အစားအစာတွေကိုစားရင် အစာဟောင်းနဲ့အကြွင်းအကျန်တွေကို စွန့်ပစ်ဖယ်ရှားပေးတဲ့ အူတွင်းလုပ်ဆောင်ချက်ကို အထောက်အကူပြုပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly