လှေစီးဒုက္ခသည်များကို မူလရပ်ရွာသို့ ပြန်လည်ပို့ဆောင်ပေးမည်

လှေစီးဒုက္ခသည်များကို မူလရပ်ရွာသို့ ပြန်လည်ပို့ဆောင်ပေးမည်
 ငါးခူရ ပြန်လည်လက်ခံရေးစခန်း၌ တွေ့မြင်ရသော လှေစီးဒုက္ခသည်တစ်ဦး။ ဓာတ်ပုံ - ဇေယျာမော်

ရန်ကုန် ၊ ဇွန် ၁၆ ။           ။ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပင်လယ်ကမ်းခြေ၌ တွေ့ရှိခဲ့သည့် လှေစီးဒုက္ခသည် ၁၀၄ ဦးအနက် မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သည့် ဒုက္ခသည် ၉၂ ဦးကို မူလနေထိုင်ခဲ့သည့် ကျေးရွာများသို့ ပြန်လည်ပို့ဆောင်ပေးသွားမည်ဟု လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနမှ ဒုတိယဝန်ကြီး ဦးစိုးအောင်ကဆိုသည်။

အဆိုပါ လှေစီးဒုက္ခသည် ၁၀၄ ဦးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မလေးရှားနိုင်ငံသို့ သွားရောက်ရန် ထွက်ခွာလာသူများ ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၂ ဦးနှင့် မောင်တောဒေသအတွင်း နေထိုင်ခဲ့သူ ၉၂ ဦး ဖြစ်သည်ကို စိစစ်တွေ့ရှိခဲ့ကြောင်း ဇွန်လ ၁၄ ရက်နေ့က ငါးခူရ ပြန်လည်လက်ခံရေးစခန်း၌ သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ်မှာ ဦးစိုးအောင်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဘူးသီးတောင် မောင်တောဘက်မှာ နေခဲ့တဲ့သူတွေ သူတို့ကိုယ်တိုင်လည်း ဘင်္ဂလားဒေ့ရှ်ဘက်က ကယ်ဆယ်ရေးစခန်း တွေမှာလည်း နေခဲ့တဲ့သူတွေဆိုတာကို သိရတယ်။ သူတို့ရဲ့မူလနေရာမှာပဲ ပြန်နေချင်ပါတယ်လို့ ပြောတယ်။ ဒါပေမယ့် သူတို့ရဲ့ဆွေမျိုးတွေမိဘတွေ မိသားစုတွေက ဟိုဘက်မှာ စခန်းတွေမှာ ကျန်ခဲ့တဲ့သူတွေလည်းရှိတယ်။ အဲ့တော့ဒီမှာ ရှိနေတဲ့ နီးစပ်တဲ့ဆွေမျိုးရွာတွေမှာ နေချင်ပါတယ်ဆိုတဲ့အတွက် စာရင်းတွေပြုစုနေတယ်” ဟု ဦးစိုးအောင်က ပြောသည်။

အဆိုပါ လှေစီးဒုက္ခသည်များကို ငါးခူရပြန်လည်လက်ခံရေးစခန်းတွင် ၄င်းတို့၏ ကိုယ်ရေးအချက်အလက်များနှင့် ယင်းတို့ မူလနေထိုင်ခဲ့သည့် ကျေးရွာအုပ်ချုပ်ရေးမှူးများအား ခေါ်ယူစစ်ဆေးအတည်ပြုစေခြင်းများ ပြုလုပ်နေသည်ကို ဇွန်လ ၁၄ ရက်နေ့က ငါးခူရ ပြန်လည်လက်ခံရေးစခန်းကို မဇ္စျိမသတင်းဌာနက သွားရောက်သတင်းရယူစဉ် တွေ့မြင်ခဲ့ရသည်။

ငါးခူရစခန်းသို့ရောက်ရှိနေသည့် လှေစီးဒုက္ခသည်များထဲမှ ရှယ်ဟဲရာအမည်ရှိ အသက်(၁၈)နှစ်အရွယ်မိန်းကလေး တစ်ဦးကို မဇ္စျိမသတင်းဌာနက မေးမြန်းခွင့်ရရှိခဲ့ရာ ၄င်း၏ ချစ်သူကောင်လေးမှ အိမ်ထောင်ပြုရန်လှမ်းခေါ်သည့်အတွက်  မလေးရှားနိုင်ငံသို့သွားရောက်မည်ဖြစ်ကြောင်း ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရှော်မလာဖူဒုက္ခသည်စခန်းတွင် နေထိုင်သူ ဖြစ်ကြောင်း ပြန်လည်ဖြေဆိုခဲ့သည်။

“ရှော်မလာဖူမှာ တံတားကြီးတစ်ခုရှိတယ်။ အဲ့တံတားနားမှာ သူတို့ကို ဒုက္ခသည်စခန်းရှိတယ်။ အဲ့စခန်းက ပင်လယ် ကမ်းစပ်နားမှာ ရှိတယ်။ အဲ့ဒီကနေ လှေစီးပြီး မလေးရှားကို သွားဖို့လုပ်ခဲ့တာ” ဟု ရှယ်ဟဲရာက ဆိုသည်။

ရှယ်ဟဲရာသည် ၂၀၁၇ ခုနှစ် သြဂုတ်လ တိုက်ခိုက်မှုဖြစ်စဉ်များမဖြစ်ပွားမီ မောင်တောမြို့နယ် မြင်းလွတ်ကျေးရွာတွင် နေထိုင်ခဲ့သူဖြစ်ပြီး ပဋိပက္ခဖြစ်စဉ်များကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ရှောင်တိမ်းပြေးသွားခဲ့သူလည်းဖြစ်သည်။

ယင်းလှေစီးဒုက္ခသည်များကို ငါးခူရစခန်း၌ ယောက်ျားလေးနှင့် မိန်းကလေးအဆောင်များ သီးသန့်စီခွဲထားပြီး နေထိုင်စေခဲ့သည်ကို တွေ့မြင့်ခဲ့ရသော်လည်း အခန်းတစ်ခုတွင် လူမည်မျှထားသည်ကို သိရှိရန် ဝင်ရောက်ကြည့်ရှုခွင့်ကိုမူ  အစိုးရဘက်က တားမြစ်ထားသည်။

ယင်းလှေစီးဒုက္ခသည်များကို မူလရပ်ရွာများနှင့် နီးစပ်ရာဆွေမျိုးသားချင်းအိမ်များသို့ ပြန်လည်မပို့ဆောင်ခင် လှဖိုးခေါင်ကြားစခန်းသို့ ဇွန်လ ၁၅ ရက်နေ့တွင် ပို့ဆောင်ခဲ့သည်ဟု မဇ္စျိမက စုံစမ်းသိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly