နှစ် ၂၀ ကြာမှ ပထမဆုံးကမ္ဘာ့ဖလားနိုင်ပွဲရခဲ့ပြီးနောက် အီရန်ပရိသတ်များ လမ်းပေါ်ထွက် အောင်ပွဲခံ

နှစ် ၂၀ ကြာမှ ပထမဆုံးကမ္ဘာ့ဖလားနိုင်ပွဲရခဲ့ပြီးနောက် အီရန်ပရိသတ်များ လမ်းပေါ်ထွက် အောင်ပွဲခံ

 

ဇွန် ၁၆၊ တီဟီရန်။                  ။ အီရန်တွေဟာ သူတို့ရဲ့ ကမ္ဘာ့ဖလားအဖွင့်ပွဲဖြစ်တဲ့ မော်ရိုကိုနဲ့ပွဲကိုကြည့်ရဖို့ ရွေးချယ်စရာအနည်းငယ်သာရှိခဲ့ပြီး ဘားဆိုင်၊ ရုပ်ရှင်ရုံနဲ့ ကော်ဖီဆိုင်အနည်းငယ်ကနေသာ ကြည့်ခဲ့ကြရပါတယ်။

ဒါပေမဲ့ မထင်မှတ်ဘဲ နိုင်ပွဲရလိုက်ပြီးနောက်မှာတော့ တီဟီရန်မြို့ရဲ့ လမ်းမတွေပေါ်မှာ အလွန်အကျူးအောင်ပွဲခံမှုတွေနဲ့ ပြည့်နှက်သွားခဲ့ပါတော့တယ်။

အစောပိုင်းမှာ အာဏာပိုင်တွေက ဘောလုံးပွဲကို ပန်းခြံတွေနဲ့ တီဟီရန်ရဲ့အကြီးဆုံးဘောလုံးကွင်းမှာ ရုပ်သံမျက်နှာပြင်ကြီးတွေနဲ့ ပြသမယ်လို့ ကြေညာထားခဲ့ရာက အကြောင်းပြချက်မရှိဘဲ အစီအစဉ်ဖျက်သိမ်းသွားလို့ အီရန်ပရိသတ်တွေရဲ့ စိတ်အားထက်သန်မှုကို ထိခိုက်ခဲ့ရပါသေးတယ်။

လွတ်လပ်မှုလို့အမည်ရတဲ့ ဘောလုံးကွင်းကြီးထဲမှာ အစ္စလာမ်မစ်ပြုပြင်ပြောင်းလဲရေးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အားကစားပြိုင်ပွဲတစ်ပွဲကို အမျိုးသမီးရော၊ အမျိုးသားပါ အတူတကွတက်ရောက်ကြည့်ရှုခွင့်ရတော့မယ်ဆိုပြီး ပရိသတ်တွေက စိတ်လှုပ်ရှားခဲ့ကြတာပါ။ ဒါပေမဲ့ အာဏာပိုင်တွေက အစီအစဉ်ကို ဖျက်သိမ်းခဲ့ပါတယ်။

အီရန်အသင်းဟာ ထပ်ဆောင်းအချိန်ပိုမှာ မော်ရိုကိုတိုက်စစ်မှူး ဘူဟတ်ဒက်ကိုယ့်ဂိုးကိုယ်သွင်းယူတဲ့ဂိုးကြောင့် တစ်ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရခဲ့တာပါ။

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီရန်အသင်း နောက်ဆုံးနိုင်ပွဲရထားတာကတော့ ၁၉၉၈ ခုနှစ်ပြိုင်ပွဲတုန်းကဖြစ်ပြီး အုပ်စုအဆင့်မှာ တစ်ပွဲ တည်းသောနိုင်ပွဲအဖြစ် အမေရိကန်ကို နှစ်ဂိုး၊ တစ်ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဇွန် ၁၅ ရက်က ကစားခဲ့တဲ့ ကမ္ဘာ့ဖလားပွဲစဉ်တွေမှာ အီရန်က မော်ရိုကိုအသင်းကို တစ်ဂိုး၊ ဂိုးမရှိ၊ ဥရုဂွေးက အီဂျစ်ကို တစ်ဂိုး၊ ဂိုးမရှိနဲ့အနိုင်ရခဲ့ပြီး နာမည်ကြီး ပေါ်တူဂီနဲ့ စပိန်တို့ကတော့ တစ်ဖက်သုံးဂိုးစီ သရေကျခဲ့ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly