ကျေးရွာစုအုပ်ချုပ်ရေးမှူး ပြန်မရွေးချယ်ပါက ဆန္ဒဖော်ထုတ်တောင်းဆိုသွားမည်

ကျေးရွာစုအုပ်ချုပ်ရေးမှူး ပြန်မရွေးချယ်ပါက ဆန္ဒဖော်ထုတ်တောင်းဆိုသွားမည်

မကွေး၊ ဇွန်လ ၁၅ ။           ။ မကွေးမြို့နယ် သရက်လေးပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ပွင့်လင်းမြင်သာမှုမရှိဟု ဆိုကာ ပြန်လည်ရွေးချယ်မပေးပါက ဆန္ဒဖော်ထုတ်   တောင်းဆိုသွားမည်ဟု အဆိုပါ အုပ်စုအတွင်းရှိ ကျေးရွာ/သူသားများက ဇွန်လ(၁၅)ရက်နေ့ နေ့လယ်ပိုင်းက မကွေးမြို့ မြို့လယ်ကဖီးဆိုင်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

အဆိုပါ အုပ်စုအုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ကျေးရွာမှတာဝန်ရှိသူများက ရွေးချယ်ထားသည့် ကြီးကြပ်ရေးမှူ းများက မဲလာပေးသည့်ရွာသူ/သားများ၏ နာမည်များအား ရေးခွင့်မပေးဘဲ မကွေးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား ရေးခိုင်းခဲ့သည်ဟု သရက်လေးပင်ရွာမှ ဦးကျော်ဌေးလွင်က ပြောသည်။

“ ကြီးကြပ်ရေးမှူးတွေကို ဘာမှ လုပ်ပိုင်ခွင့်မပေးဘူး။ ကြီးကြပ်ခွင့် မရှိဘူး၊ သူတို့ဖက်ကလာသူတွေနဲ့ မဲကို လုပ်သွားတာ။ ကျွန်တော်တို့ရွာသားတွေက စာမတတ်သူတွေများတယ်၊ အခြေခံလူတန်းစားဆိုတော့ ကြီးကြပ်ရေးကို ရေးခိုင်းတာ သူတို့က လက်မခံဘူး။ မဲကို မသမာတဲ့နည်းတွေဖြစ်မှာစိုးလို့တောင်းဆိုတာပါ။ မဲရေတွက်တဲ့နေရာမှာလည်း ပွင့်လင်းမြင်သာမှုမရှိဘူး” ဟု ဦးကျော်ဌေးလွင်က ဆိုသည်။

ထို့ကြောင့် လုပ်ပိုင်ခွင့်ကို ကျော်လွန်လုပ်ဆောင်ခြင်းကို အရေးယူပေးရန်နှင့် ဥပဒေအညီ ပြန်လည်ရွေးချယ် ပေးရန် မကွေးတိုင်းဝန်ကြီးချုပ်သို့ တင်ပြထားကြောင်း သိရသည်။

“ ကျွန်တော်တို့ ဇွန်လ ၉ ရက်နေ့က ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းကို လုပ်ကိုင်ခွင့်ရှိသူ ကြီးကြပ်ရေး အဖွဲ့က မလုပ်ရဘဲ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့မှ လုပ်ပိုင်ခွင့်ကို ကျော်လွန်လုပ်ဆောင်ခြင်းကို အရေးယူ ပေးရန်နဲ့ ဥပဒေနဲ့အညီ ပြန်လည်ရွေးချယ်ပေးဖို့ ကျွန်တော်တို့ ဇွန်လ ၉ ရက်နေ့က မကွေးတိုင်းဝန်ကြီးချုပ်ထံ တိုင်ကြားထားပါတယ်” ဟု ကြီးကြပ်ရေးမှူး ဦးတင်ဝင်းက ပြောသည်။

ထိုသို့ အုပ်စုအုပ်ချုပ်ရေးမှူ းရွေးချယ်ရာတွင် ပြသနာများရှိခဲ့သဖြင့် မဲရှုံးသည့် ဒေသခံ၂၀၀ ကျော်က မကွေးခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ပြန်လည်ရွေးချယ်ပေးရန်တောင်းဆိုခဲ့ပြီး ဇွန်လ ၈ ရက်နေ့ ည ၉ နာရီဝန်းကျင်ခန့်တွင်လည်း မကွေးတိုင်းဝန်ကြီးချုပ်နေထိုင်သည့် အစိုးရအဖွဲ့အိမ်ရာသို့ သွားရောက်ကာ တောင်းဆိုခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များက တားဆီးခဲ့ကြောင်း အဆိုပါရွာသားများထံမှ သိရသည်။

“ ဥပဒေနဲ့အညီ အများရှေ့မှာ ပွင့်လင်းမြင်သာစွာလုပ်ရတာ။ ဖြေရှင်းစရာမလိုပါဘူး၊ ထုံးစံအတိုင်းပေါ့ ၊ ရှုံးတဲ့ဘက်က မကျေမနပ်ဖြစ်တာ။ မဲလာပေးတဲ့ လူ ၄၀၀ ကျော်လုံး မဲပေးခွင့်ရတယ်။ အားလုံးရဲ့အရှေ့မှာ ၊ ကိုယ်စားလှယ်လောင်းများအရှ့မှာ ဆောင်ရွက်ပေးထားတာ၊ သူတို့စိတ်ကြိုက် ကိုယ်တိုင်ကိုယ်ကျ မဲပေးကြ တာ။ ရှုံးတဲ့သူတွေက ဒီလိုပဲလျှောက်ပြောနေမှာလေ"ဟု မကွေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က ပြောဆိုသည်။

မကွေးမြို့နယ်တွင် ရပ်ကွက်ပေါင်း ၁၅ ခု၊ ကျေးရွာပေါင်း ၆၁ အုပ်စုရှိရာတွင် မကြီးကန်အုပ်စု၊ သရက်လေးပင် အုပ်စု၊ တပ်ကုန်းအုပ်စုနှင့် ထုံးပေါက်တောအုပ်စုများမှာ   ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ပြသနာဖြစ်လျှက်ရှိကြောင်း မကွေးမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly