ဒေသတွင်းဧည့်လမ်းညွှန်သင်တန်းဆင်းပွဲ မုံရွာတွင် ကျင်းပ

ဒေသတွင်းဧည့်လမ်းညွှန်သင်တန်းဆင်းပွဲ မုံရွာတွင် ကျင်းပ

မုံရွာ၊ ဇွန် ၁၅။         ။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းလိုက်ပါလမ်းညွှန်နိုင်သော ဒေသတွင်းဧည့်လမ်းညွှန်သင်တန်းဆင်းပွဲကို မုံရွာမြို့၊ ဝင်းယူနတီဟိုတယ်တွင် ဇွန်၁၅ရက်က ကျင်းပခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ပြည်တွင်းပြည်ပခရီးသွားများလာရောက်လည်ပတ်ရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် ဒေသဆိုင်ရာ ဧည့်လမ်းညွှန်သင်တန်းကို မုံရွာမြို့တွင် မေလ ၂၁ ရက်နေ့မှ ဇွန်လ ၁၅ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားခဲ့ခြင်း ဖြစ်သည်။

"စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့ မြှင့်တင်နေတဲ့အချိန်မှာ ခရီးသွားလုပ်ငန်းကို စိတ်ဝင်စားတဲ့လူငယ်တွေများလာအောင် ရည်ရွယ်ပြီး သင်တန်းဖွင့်ပေးခဲ့တာဖြစ်ပါတယ်။ တိုင်းအတွင်းက ဧည့်လမ်းညွှန် စိတ်ဝင်စားတဲ့ လူငယ်တွေတက်ရောက်ခဲ့ကြပါတယ်" ဟု စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဖြိုးလွင်က ပြောသည်။

တက်ရောက်ခဲ့သော သင်တန်းသား ၁၂၈ ဦး ရှိပြီး ၄င်းတို့အား ဧည့်လမ်းညွှန်လိုက်ပါနိုင်ရန်အတွက် ဒေသတွင်း လိုင်စင်များထုတ်ပေးခဲ့ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၏ မည့်သည့်နေရာတွင်မဆို ဧည့်လမ်းညွှန်လိုက်ပါနိုင်ပြီ ဖြစ်ကြောင်း ဦးအောင်ဖြိုးလွင်က ဆက်လက်ပြောသည်။

သင်တန်းတက်ရောက်ခဲ့သူများသည် မုံရွာမြို့၊ ရွှေဘိုမြို့၊ စစ်ကိုင်းမြို့တို့မှ အများဆုံးတက်ရောက်ခဲ့ကြပြီး ဇလုံတောင်တည်ရှိရာ ဗန်းမောက်မြို့မှလည်း တက်ရောက်သင်ကြားခဲ့ကြကြောင်း၊ ပြည်တွင်းပြည်ပ ခရီးသွားများစိတ်ဝင်စားသည့် စဉ့်အိုးလုပ်ငန်းတည်ရှိရာ နွယ်ငြိမ်းကျေးရွာမှလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

"ဧည့်လမ်းညွှန်အဖြစ်က တရားဝင်လ်ုက်နိုင်ဖို့ လိုင်စင်ရထားဖို့လိုတယ်။ ဒါ့ကြောင့် ဒီသင်တန်းကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။" ဟု မုံရွာမြို့မှ ဧည့်လမ်းညွှန်သင်တန်း တက်ရောက်ခဲ့သူတစ်ဦးက   ပြောသည်။

ဒေသတွင်းလိုင်စင်ရရှိထားပြီးဖြစ်၍ မြန်မာတစ်နိုင်ငံလုံး မည်သည့်နေရာတွင်မဆို ဧည့်လမ်းညွှန်အဖြစ် လိုက်ပါနိုင်သော သင်တန်းအား တက်ရောက်အောင်မြင်ရန် ပိုမိုလွယ်ကူလာမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီး သွားညွှန်ကြားမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဖြိုးလွင်က ရှင်းပြသည်။

စစ်ကိုင်းတိုင်းဒေသကြီးဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ ဒေသဆိုင်ရာဧည့်လမ်းညွှန် သင်တန်းကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလအတွင်းကလည်း ပထမအကြိမ်ဖွင့်လှစ်သင်ကြားပေးခဲ့ဖူးကြောင်း၊ ယခုအကြိမ်သည် ဒုတိယအကြိမ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ယင်းဌာနမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly