နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အား ထိုင်းဝန်ကြီးချုပ်က ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆို

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အား ထိုင်းဝန်ကြီးချုပ်က ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆို
Photo-AFP

ဇွန် ၁၅ ။             ။ ထိုင်းနိုင်ငံမှာ တရားဝင်ချစ်ကြည်ရေး ခရီး ရောက်ရှိနေသည့် ပြည်ထောင်စု မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ကို  ဇွန်လ ၁၄ ရက်တွင် ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ထိုင်းအစိုးရအိမ်တော်၌ ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုခဲ့ပြီး နှစ်နိုင်ငံအရေးကိစ္စများ ဆွေးနွေးခဲ့ကြောင်း သမ္မတရုံးက ထုတ်ပြန်သည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့သည် ဂုဏ်ပြုကြိုဆိုသည့် ထိုင်းအစိုးရအိမ်တော် မြက်ခင်းပြင်သို့ ရောက်ရှိလာရာ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာနှင့် ဇနီးတို့က ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးခဲ့သည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတသည် ထိုင်း-မြန်မာ နှစ်နိုင်ငံ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။

အဆိုပါ နှစ်နိုင်ငံ ဆွေးနွေးပွဲတွင် မြန်မာနှင့် ထိုင်း နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ထိုင်းရောက် မြန်မာအလုပ်သမားများ တရားဝင် အလုပ်လုပ်ကိုင်ခွင့် ရရှိရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးနှင့် နယ်စပ်ဂိတ်များ အဆင့်မြှင့်တင်ရေး၊ ထိုင်းရောက် နေရပ်စွန့်ခွာသူများ မြန်မာသို့ ပြန်လည်လာရောက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြုှပ်နှံမှု မြှင့်တင်ရေး စသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ညပိုင်းတွင် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့အား ထိုင်းဝန်ကြီးချုပ်နှင့်ဇနီးတို့က ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

ထိုင်းဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ဘန်ကောက်မြို့တွင် ကျင်းပမည့် ၈ ကြိမ်မြောက် ဧရာဝတီ- ကျောက်ဖရား- မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ ထိပ်သီးအစည်းအဝေး၊ ၉ ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် (စီအယ်လ်အမ်ဗွီ) ထိပ်သီးအစည်းအဝေး တို့ကိုလည်း တက်ရောက်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly