ရှစ်လေးလုံးပြည်သူ့ပါတီ ပြင်ဆင်ပေးရန်ဆိုသော ဆုံးဖြတ်ချက်သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ကျော်လွန်နေဟု ထုတ်ပြန်

ရှစ်လေးလုံးပြည်သူ့ပါတီ ပြင်ဆင်ပေးရန်ဆိုသော ဆုံးဖြတ်ချက်သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ကျော်လွန်နေဟု ထုတ်ပြန်

 

ရန်ကုန်၊ ဇွန် ၁၅ ။           ။ ရှစ်လေးလုံးပြည်သူ့ပါတီ ဆိုသည့် အမည်၊ အလံနှင့် တံဆိပ်တို့ကိုပြင်ဆင်ပေးရန်ဟု ဆိုသော UEC ၏ ဆုံးဖြတ်ချက်သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ (ပင်မဥပဒေ) ကို ကျော်လွန်သက်ရောက်နေသည်ဟု ယူဆကြောင်း နိုင်ငံရေးပါတီ တစ်ရပ် ဖြစ်မြောက်ရေးကော်မတီမှ ထုတ်ပြန်လိုက်သည်။

ထိုသို့ ပြင်ဆင်ပေးရန် ပြည်ထောင်စုရွေးကော်ပွဲကော်မရှင် (UEC)  ဇွန်လ ရ ရက်ဆုံးဖြတ်ချက်ကို နိုင်ငံရေးပါတီတစ်ရပ် ဖြစ်မြောက်ရေးကော်မတီသို့ အီးမေးလ်ဖြင့် ဇွန်လ ၁၄ ရက်တွင် အကြောင်းကြားခဲ့ခြင်းအပေါ် ယင်းသို့ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

UEC ၏ ဆုံးဖြတ်ချက်သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေ ပုဒ်မ (၁၄-က) ကို ရည်ညွှန်းဆုံးဖြတ်ထားခြင်း ဖြစ်ပြီး အဆိုပါနည်းဥပဒေသည် ပင်မဥပဒေ၏ လက်အောက်ခံသာဖြစ်သော်လည်း UEC ၏ ဆုံးဖြတ်ချက်သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ (ပင်မဥပဒေ) ကို ကျော်လွန်သက်ရောက်နေသည်ဟု ယူဆကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ရှစ်လေးလုံးပြည်သူ့ပါတီသည်၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်တွင် ရှစ်လေးလုံးပါတီအနေဖြင့် ထူထောင်ခွင့်ပြုရန် ထူထောင်လိုသူ ၁၈ ဦးဖြင့် UEC သို့ စတင်လျှာက်ထားခဲ့ပြီး မတ်လ ၂၆ ရက်တွင် ပါတီမှတာဝန်ရှိသူ ၂ ဦးကို ရွေးကောက်ပွဲကော်မရှင်မှ ခေါ်ယူတွေ့ဆုံခဲ့သည်။

၂၀၁၈ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့တွင် ရှစ်လေးလုံးပြည်သူ့ပါတီအဖြစ် ပြောင်းလဲလျှောက်ထားခဲ့ပြီး ဧပြီလ ၂၆ ရက်နေ့တွင် နိုင်ငံရေးပါတီအဖြစ် ထူထောင်ခွင့်ပြုကြောင်း UEC မှ အကြောင်းပြန်ခဲ့ပြီးဖြစ်သည်။

ထူထောင်ခွင့်ပြုပြီး ပါတီမှခေါင်းဆောင် နှစ်ဦးတို့၏နာမည်နှင့် အလံ၊ တံဆိပ်၊ ပါတီဖွဲ့စည်းပုံ၊ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်တို့ကို မေလ ၂ ရက်နေ့တွင် UEC သို့ တင်ပြခဲ့ရာ ကော်မရှင်က အမည်၊ အလံနှင့် အမှတ်တံဆိပ်တို့ကို  ရ ရက် အတွင်း ကန့်ကွက်နိုင်ကြောင်း မေလ ၅ ရက်တွင် နိုင်ငံပိုင်သတင်းစာများမှ ကြေညာခဲ့ပြီးဖြစ်သည်။

သို့ရာတွင် တစ်လကျော်ကြာသည်အထိ  ပြည်ထောင်စုရွေးကော်ပွဲကော်မရှင် (UEC)မှ ရှစ်လေးလုံးပြည်သူ့ပါတီဘက်သို့ အကြောင်းမပြန်ခဲ့၍ ပါတီမှ တွေ့ဆုံခွင့်ပြုရန် လျှောက်ထားခဲ့ရာ ကော်မရှင်မှ ဇွန်လ ၁၅ ရက် တွေ့ဆုံမည်ဟု အကြောင်းပြန်ခဲ့သည်။

ယင်းရက်မတိုင်မှီ ဇွန်လ ၁၄ ရက်တွင် အမည်၊ အလံနှင့် တံဆိပ်တို့ကိုပြင်ဆင်ပေးရန် အကြောင်းကြားခဲ့ခြင်း ဖြစ်သောကြောင့် ရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်ကိုပြင်ဆင်ပေးရန် ရှစ်လေးလုံးပြည်သူ့ပါတီမှ ထုတ်ပြန်စာ ပြန်လည်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly