မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တမူးတွင် ရပ်ကွက်များ ရေကြီးရေလျှံပြီး ရွှေ့ပြောင်းနေရ

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တမူးတွင် ရပ်ကွက်များ ရေကြီးရေလျှံပြီး ရွှေ့ပြောင်းနေရ

 

တမူး၊ ဇွန် ၁၅ ။         ။  အထက်ချင်းတွင်းဒေသ တမူးမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြို့ပေါ်ရှိရပ်ကွက်များ ရေကြီးရေလျှံနစ်မြုပ်ပြီး ရွှေ့ပြောင်းနေရကြောင်း သတင်းရရှိသည်။

"အခုလိုမျိုးဖြစ်တာကတော့ ရေမြောင်းတွေပိတ်ဆို့နေတာကြောင့် ထင်ပါတယ်။ အရင်တုန်းက ဒီလိုမျိုး မဖြစ်ပါဘူး။ ရပ်ကွက် နှစ်နေရာလောက်ပဲ ဖြစ်ဖူးပါတယ်။အဲဒီ နှစ်ရပ်ကွက်ရဲ့ ရေမြောင်းတွေကို တိုင်းအစိုးရ ဘတ်ဂျက်နဲ့ပညာရှင်တွေ ခေါ်ပြီးတော့ ရေလွှဲမြောင်းတွေ ဖောက်ပေးပါတယ်။ အခုဟာက တော်တော်လေးကို ရေကြီးပြီးတော့ ရပ်ကွက်တွေနစ်မြှုပ်သွားပါတယ်။ ရေတစ်ခါမှ မဝင်ဘူးတဲ့ရပ်ကွက်တွေရော နစ်မြှုပ်တာပါ။ ဒီနှစ်ကတော့ တော်တော်ဆိုးတယ်"ဟု တမူးမြို့မှ ဒေသခံ မအိတုန်က ပြောသည်။

ရေကြီးရေလျှံနစ်မြှုပ်နေသည့် ရပ်ကွက်အချို့ပြည်သူများသည် နီးစပ်ရာဆွေမျိးများအိမ်ကို ရွှေ့ပြောင်း နေထိုင်လျှက်ရှိကြောင်း သိရသည်။

"ဒီအတိုင်း မိုးဆက်ရွာပြီး ရေကြီးရေလျှံမှုတွေ ရင်ဆိုင်နေရရင်တော့ ကုန်စျေးနှုန်းတွေ တက်လာမှာ စိုးရိမ်ပါတယ်။ အခုလည်း ရေနစ်မြုပ်နေတဲ့ပြည်သူတွေအတွက် သောက်သုံးရေတွေ လိုအပ်နေပါတယ်။ ခုဆိုရင်တော့ ဆန်စျေးနှုန်းတွေ တက်နေတယ်"ဟု ရေနစ်မြုပ်ခံစားနေရသည့်ဒေသခံများက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးနိုင်နိုင်ဝင်းက"ပြည်သူတွေရေကြီးပြီး နစ်မြုပ်နေတဲ့နေရာတွေကို အချိန်နဲ့တပြေးညီ ကယ်ဆယ်နိုင်ဖို့အတွက် သက်ဆိုင်ရာဌာနတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ ပူးပေါင်းပြီးတော့ အကူအညီပေးနေပါတယ်"ဟု ပြောသည်။

လက်ရှိတမူးမြို့ ရပ်ကွက်များတွင် ရေနစ်မြုပ်ခံစားနေရသည့် ပြည်သူများကို သက်ဆိုင်ရာတာဝန်ရှိသူများ လာရောက်ပြီး ကျန်းမာရေးနှင့်နေထိုင်စားသောက်စရာများ အကူအညီပေးစေလိုကြောင်း   ဒေသခံများက ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly