တောင်ပြံုးပွဲတော်စျေးဆိုင်ခန်းများ ပထမဝါဆိုလပြည့်နေ့တွင် စတင်ရောင်းချပေးမည်

တောင်ပြံုးပွဲတော်စျေးဆိုင်ခန်းများ ပထမဝါဆိုလပြည့်နေ့တွင် စတင်ရောင်းချပေးမည်
ဓာတ်ပုံ ဘိုဘို မဇ္ဈိမ

တောင်ပြံုးပွဲအား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်အတွက် ပထမဝါဆိုလပြည့်နေ ့(ဇွန်လ ၂၇ ရက်)မှ စတင်ကာ  စျေးသည်များအားလုံး အဆင်ပြေစွာဖြင့် စျေးရောင်းချနိုင်ရန် ပွဲတော် ကျင်းပရေးကော်မတီမှ ဦးစီးပြီး စျေးဆိုင်ခန်း ပေါင်း ( ၉၀၀ ) ကျော် ခွင့်ပြု ၍ ရောင်းချပေးသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီထံမှ သိရသည်။

‘‘ ကျွန်တော်တို့ရဲ့ ပွဲတော်မှာ လာပြီး နှစ်စဉ် ရောင်းချတဲ့ စျေးဆိုင်ခန်းသမားတွေရှိတယ်။ အဲဒါတွေကို အရင်ဆုံးဦးစားပေးသွားမှာပါ။  မနှစ် က တိုင်းဒေသကြီးအစိုးရရဲ့ပွဲတော်ကျင်းပခွင့် မရ ရှိခဲ့တဲ့အတွက် စျေးသည်တွေအားလုံး အခက်အခဲလေးတွေတော့ ဖြစ်သွားရတာမျိုးရှိတယ်။မနှစ်က  ကျန်တာတွေကတော့ ဦးရာလူစနစ်နဲ့ ရောင်းချပေးသွားမှာပါ။  ဒီနှစ်မှာတော့ အဲဒီအတွက် အားလုံးအဆင်ပြေအောင် ဖန်တီးပေးသွားမှာပါ" ဟု ပွဲတော်ကျင်းပရေးကော်မတီဥက္ကဌ ဦးကျော်ကျော်က ပြောသည်။

၂၀၁၇ ခုနှစ်အတွင်းက တောင်ပြံုးပွဲတော်ကျင်းပရန် ရက်ပိုင်းအလို၌ ရာသီတုပ်ကွေး H1N1 ရောဂါပိုး ပျံ့နှံ့ဖြစ်ပွားနေသည်ဟုဆိုကာ မန္တလေးတိုင်းအစိုးရက တောင်ပြံုးပွဲကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းခဲ့ရာ စျေးသည်များအားလုံး အခက်အခဲများ ကြံုတွေ့ခဲ့ရသည့်အတွက် ယမန်နှစ်က ဆိုင်ခန်းအတွက် စရံပေးထားသည့် ဆိုင်ခန်း ရှင်များအားလုံးအား ယခုနှစ်တွင် ကျန်ငွေပေးသွင်း ၍ ပြန်လည်ဝယ်ယူနိုင်ရန်အတွက် ဆောင်ရွက်ထားကြောင်း ၎င်းက ဆက်လက်ပြောသည်။

လက်ရှိတွင် စျေးဆိုင်ခန်းနေရာများမှာ တစ်ခန်းလျှင် ငွေကျပ် တစ်သိန်းမှ နှစ်သိန်းကြားအထိ ရှိပြီး ပွဲတော်အတွင်း နှစ်စဉ် ပါဝင်သည့် ရေနှင့်သန့်စင်ခန်း၊ လျှပ်စစ်၊ ဇာတ်ရုံ (၁၊၂) တည်ဆောက်မည့် မြေနေရာ၊ ရုပ်ရှင် (သို့မဟုတ်) ဆပ်ကပ်၊ မျက်လှည့်ပြုလုပ်မည့်မြေနေရာများတွင် လုပ်ကိုင်နိုင်ရန် ပွဲကျင်းပရေးကော်မတီမှ အိတ်ဖွင့်တင်ဒါခေါ်ယူသွားမည့်အပေါ် မတ္တရာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့ တင်ပြထားကြောင်း သိရသည်။

အဆိုပါ တောင်ပြံုးပွဲတော်ကို နှစ်စဉ် ဝါခါင်လဆန်း( ၈) ရက်နေ့မှ (၁၅ )ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly