ကန်ဒေါ်လာ ၅ ထောင် ချီးမြှင့်မည့် တောရိုင်းတိရိစ္ဆာန်တရားမဝင်ကုန်သွယ်မှု ဇာတ်လမ်းတိုပြိုင်ပွဲ ပြုလုပ်မည်

ကန်ဒေါ်လာ ၅ ထောင် ချီးမြှင့်မည့် တောရိုင်းတိရိစ္ဆာန်တရားမဝင်ကုန်သွယ်မှု ဇာတ်လမ်းတိုပြိုင်ပွဲ ပြုလုပ်မည်

ဇွန်လ ၁၄ ။              ။ တောရိုင်းတိရိစ္ဆာန်တရားမဝင်ကုန်သွယ်မှုနဲ့ပတ်သက်ပြီး အမြင့်ဆုံး အမေရိကန်ဒေါ်လာ ၅၀၀၀ အထိ ချီးမြှင့်မယ့် ဇာတ်လမ်းတိုပြိုင်ပွဲကို မြန်မာအပါအဝင် အရှေ့တောင်အာရှ မဲခေါင် ၅ နိုင်ငံမှ ပါ၀င်ယှဉ်ပြိုင်နိုင်တယ်လို့ သိရပါတယ်။

အများဆုံး ၆ မိနစ်စာအထိ ရိုက်ကူးနိုင်တဲ့ ဇာတ်လမ်းတိုပြိုင်ပွဲအကြောင်းကို ဇွန်လ ၁၄ ရက်နေ့က ရန်ကုန်မြို့ ဗြိတိသျှသံအမတ်ကြီးရဲ့နေအိမ်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှတဆင့် သိရတာ ဖြစ်ပါတယ်။

ဇာတ်လမ်းတိုပြိုင်ပွဲအတွက် အမြင့်ဆုံးဆုကြေးအမေရိကန်ဒေါ်လာ ငါးထောင်အပြင် တခြားဆုပေါင်း ၉ ဆုလည်း ရှိနေတယ်လို့ ဆိုပါတယ်။

"ကျွန်တော်တို့ ပါ၀င်ယှဉ်ပြိုင်တဲ့သူများဖို့ကို မျှော်လင့်ထားပါတယ်။ များလေကောင်းလေပါပဲ။ သူတို့ကို အကောင်းဆုံးဆုတွေလည်း ချီးမြှင့်သွားမှာပါ။ ကျွန်တော်တို့ မျိုးစုံသောရုပ်ရှင်တွေအကုန်လုံးကို မြင်ချင်ပါတယ်။ ပြီးတော့ ဒီမှာယှဉ်ပြိုင်သူတွေရနိုင်မယ့် ဆုအမျိုးမျိုးရှိပါတယ်။ အကောင်းဆုံးဇာတ်လမ်းတိုဆု၊ ဒေသတွင်းအကောင်းဆုံးဇာတ်လမ်းတိုဆု၊ ဆိုရှယ်မီဒီယာမှာ လူအကြိုက်များဆုံးရုပ်ရှင်ဆု လူတွေအကြိုက်ဆုံး စိတ်ဝင်စားဆုံးခံရတဲ့ရုပ်ရှင်ဆု၊ ကျောင်းသားတွေအတွက်သီးသန့် အထူးဆုဆိုတာလည်း ရှိပါတယ်။" လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံး ဒုတိယအကြီးအကဲ မစ္စတာ ဒေးဗစ်ဟောက ပြောပါတယ်။

တောရိုင်းတိရိစ္ဆာန်တရားမဝင်ကုန်သွယ်မှု ဇာတ်လမ်းတိုအတွက် ပထမဆုက အမေရိကန်ဒေါ်လာ ငါးထောင်၊ ဒုတိယဆု လေးထောင်၊ တတိယဆုက သုံးထောင် သတ်မှတ်ထားပြီး အမေရိကန်ဒေါ်လာ ၂၀၀၀ ချီးမြှင့်မယ့် အထူးဆုကို တစ်နိုင်စီ ချီးမြှင့်သွားမှာပါ။ ဒါ့အပြင် ကျောင်းသားတွေအတွက် ကန်ဒေါ်လာ တစ်ထောင် ဆုကြေးလည်း သတ်မှတ်ပေးထားပါတယ်။ အပြည့်အစုံကိုတော့ ဖေ့ဘွတ်ခ် https://www.facebook.com/ lpfilmfest/ နဲ့ www.lpfilmfest.org/IWTMekong တို့မှာ

တောရိုင်းတိရိစ္ဆာန်တရားမဝင်ကုန်သွယ်မှုတွေဟာ ပြိုင်ပွဲနိုင်ငံတွေဖြစ်တဲ့  မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း နဲ့ ဗီယက်နမ်နိုင်ငံတွေမှာ ဖြစ်ပွားနေပြီး ဆင်များက အများဆုံးအသတ်ခံနေရကာ ဆင်မြို့တော်လို့ သတ်မှတ်ခံထားရတဲ့ လာအိုနိုင်ငံတွင် ဆင်ကောင်ရေပပျောက်လုနီးပါး နည်းပါးနေပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ မှာတော့  တစ်ပတ်လျှင် ဆင်တစ်ကောင်နှုန်းသတ်ခံနေရပြီး ၂၀၃၀ ခုနှစ်ခန့်တွင် တောဆင်ရိုင်းတွေ မျိုးသုဉ်းသွားနိုင်တယ်လို့ WWF Myanmar က ခန့်မှန်းထားပါတယ်။

ဆင်များ၏ အစွယ်၊ အရေခွံ၊ နှာမောင်း၊ အသားများကို တရားမဝင်စျေးကွက်တွင် ရောင်းဝယ်နေကြပြီး ကမ္ဘာ့ အကြီးဆုံးဆင်စွယ်စျေးကွက်မှာ တရုတ်နိုင်ငံတွင်ရှိနေတာလည်း ဖြစ်ပါတယ်။

ဒါကြောင့် ဒီဇာတ်လမ်းတိုပြိုင်ပွဲဟာ အဲဒီတရားမဝင်ကုန်သွယ်မှုတွေကို တိုက်ဖျက်ရာမှာ အထောက်အကူ ပြုနိုင်ဖို့ မျှော်လင့်ရပြီး ဇာတ်လမ်းတိုတွေကို အောက်တိုဘာလ ၁၅ ရက်နောက်ဆုံးထား ပေးပို့ရမှာပါ။

ဒီပြိုင်ပွဲကိုတော့ ကမ္ဘာလုံးဆိုင်ရာသဘာဝပတ်ဝန်းကျင် (WWF) နဲ့ သားငှက်ထိမ်းသိမ်းရေးအဖွဲ့ (WCS) တို့က ပူးပေါင်းပြီး ကျင်းပတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly