မှားယွင်းစွာဆုံးဖြတ်မိပါက တရားစီရင်ရေးသမိုင်းတွင် အမဲစက်ထင်နိုင်ဟု ဇေယျာဖြိုးပြော

မှားယွင်းစွာဆုံးဖြတ်မိပါက တရားစီရင်ရေးသမိုင်းတွင် အမဲစက်ထင်နိုင်ဟု ဇေယျာဖြိုးပြော

ရန်ကုန်၊ ဇွန်လ ၁၄ ။           ။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သေနတ်ဖြင့် အနီးကပ်လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် တရားလွှတ် တော်ရှေ့နေဦးကိုနီအမှုနှင့်ပတ်သက်ပြီး မှားယွင်းစွာ ဆုံးဖြတ်မိပါက တရားစီရင်ရေးသမိုင်းတွင် အမဲစက် ထင်သွားနိုင်သည်ဟု သေနတ်သမားကြည်လင်းအမှုတွဲမှ ဇေယျာဖြိုးက ပြောသည်။

ယနေ့ ဇွန်လ ၁၄ ရက်၊ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် သေနတ်သမားကြည်လင်းအပါအဝင် ၃ ဦးကို ၅၇ ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး တရားခွင်ကအထွက်တွင် ဇေယျာဖြိုးက ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“အရင်တုန်းက စာမတင်ဘူးဆိုတာ ကျွန်တော်က တရားဥပဒေရဲ့ မျှတမှုကိုရမယ်လို့ ထင်ခဲ့တာလေ။ ကျွန် တော့်ကို ပစ္စည်းသက်သေ၊ လူသက်သေ ဘာမှလည်းမရှိဘူး။ အမှုစစ်အရာရှိကိုယ်တိုင်ကလည်းပဲ ကျွန်တော် နဲ့ပတ်သက်ပြီး ဘာမှတင်ပြနိုင်ခြင်းမရှိဘူးလို့ ထွက်ဆိုထားခဲ့တဲ့အတွက် ကျွန်တော်က လွတ်တော့မယ်လို့ ထင်ခဲ့တာ။ တကယ်တမ်းကျတော့ ကျွန်တော်ကိုဘာစွဲချက်မှ အကြောင်းပြချက် တစ်စုံတစ်ရာမရှိဘဲနဲ့ ကျွန်တော်ကို စွဲချက်တင်တာ။ ကျွန်တော်က တရားသူကြီးကိုမေးတယ်။ ဘာကြောင့် ကျွန်တော်ကို စွဲချက် တင်တာလဲ။ ကျွန်တော်ဖြေရှင်းဖို့ ရှိတယ်ဆိုတော့ သူမဖြေနိုင်ဘူးဗျ။ အယူခံ တက်လိုက်ပါလို့ပဲ ပြောတယ်။ ဒါကြောင့်မို့လို့ နောက်မှာ ဒီလိုတစ်ကြိမ်မျိုး ထပ်မဖြစ်အောင်လို့ ကျွန်တော်က နိုင်ငံတော်သမ္မတကြီး အပါအဝင် တခြားသက်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေဆီကို ဒီအမှုနဲ့ဆိုင်တဲ့ အသေးစိတ် အချက်အလက်တွေ အကုန်လုံး ကျွန်တော်တင်ပြထားပါတယ်။ ဒါကြောင့်မို့လို့ ဒီအမှုဟာ သမိုင်းမှတ်တမ်းဝင်တဲ့ အမှုဖြစ်တယ်။ ဒါကြောင့်မို့လို့ မှားယွင်းစွာ ဆုံးဖြတ်မယ်ဆိုရင် တရားစီရင်ရေးသမိုင်းမှာ အများကြီး အမဲစက် ထင်သွားနိုင်ပါတယ်”ဟု ဇေယျာဖြိုးက ပြောဆိုခဲ့သည်။

ယင်းအမှုနှင့် ပတ်သက်ပြီး နှစ်ဘက်ရှေ့နေများက ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်ရုံးသို့ ရာဇဝတ် ပြင်ဆင်မှု တင်ပြလျှောက်ထားမှုများရှိပြီး တရားလိုဘက်မှ ရှေ့နေများက ကြည်လင်းအပါအဝင် ၄ ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၄၁၊ ၄၉၊ ၅၄ ဖြင့် အရေးယူပေးရန် လျှောက်ထားခဲ့သည်။

စွပ်စွဲခံရသူများဘက်က ရှေ့နေများက ဇေယျာဖြိုး၊ အောင်ဝင်းထွန်း၊ အောင်ဝင်းဇော်တို့အား တရားရှင်လွှတ် ပေးရန် လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုသို့ လျှောက်ထားမှုများနှင့် ပတ်သက်ပြီး တိုင်းတရားရုံးတွင် ပြီးခဲ့သည့် မေလ ၂၅ ရက်နေ့က နှစ်ဖက်ရှေ့နေများ၏ လျှောက်လဲချက်များကို ကြားနားစစ်ဆေးခဲ့ပြီးဖြစ်သည်။

“ရန်ကုန်တိုင်းတရားလွှတ်တော်် ဆုံးဖြတ်မယ့် တရားသူကြီး ဦးအောင်နိုင်အနေနဲ့လဲ ၁၈ ရက်နေ့ ဆုံးဖြတ်တဲ့ အချိန်မှာ ဘက်မလိုက်ဘဲနဲ့ တရားဥပဒေနဲ့အညီ မှန်မှန်ကန်ကန်နဲ့ အမှန်အတိုင်း ဆုံးဖြတ်ပေးဖို့ ကျွန်တော် ဒီနေရာကနေ တောင်းဆိုပါတယ်”ဟု ဇေယျာဖြိုးကပြောသည်။

ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှ ယင်းအမှုနှင့်ပတ်သက်ပြီး လာမည့် ဇွန်လ ၂၈ ရက်နေ့အား ပြန်လည်ချိန်း ဆိုလိုက်သည်။ အဆိုပါ လုပ်ကြံမှုမှာ ပြီးခဲ့သည့် ၂ဝ၁၇ နှစ်၊ ဇန်နဝါရီ ၂၉ ရက်၊ ညနေ ၅ နာရီ အချိန်ခန့်၊ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥပဒေအကြံပေး ဦးကိုနီအား ကြည် လင်းက အနီးကပ်သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့ကာ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး ဆောင်ရွက် ပေးခဲ့သော အငှားယာဉ်မောင်းကိုနေဝင်းပါ သေနတ်ထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်။

ယင်းအမှုနှင့်ပတ်သက်ပြီး ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်တွင် ကြည်လင်းအား စွဲဆိုထားသော လက်နက်မှုနှင့် ကြည်လင်းအပါအဝင် ၄ ဦးအား စွဲဆိုထားသည့် ရာဇသတ်ကြီးပုဒ်မ- ၃ဝ၂/၃၄/၂၁၂ အတွက် တရားလိုပြသက်သေများ အားလုံးကို မြောက်ပိုင်းခရိုင်တရားရုံးတွင် စစ်ဆေးပြီးစီးခဲ့ပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly