သဘာဝဘေးအန္တရာယ်ကျရောက်နေရာများကို သွားကူညီနိုင်ရန် မန္တလေးပရဟိတအဖွဲ့များဆွေးနွေး

.

(ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)

 

မန္တလေး၊ ဇွန်လ ၁၄ ရက် ။       ။ မန္တလေးတိုင်းဒေသကြီး၊သဘာဝဘေးတုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့က သဘာဝဘေးအန္တရာယ်ကျရောက်နေတဲ့ နေရာတွေကို သွားရောက်ကူညီပံ့ပိုးနိုင်ရန်အတွက် ဇွန်လ ၁၄ ရက်၊မွန်းလွဲ ၁ နာရီက မန္တလေးမြို့၊၆၂လမ်း၊လမ်း ၃၀ နှင့်၃၁လမ်းကြားမှာရှိတဲ့ ငါးစို့ကျောင်းတိုက်မှာ ပရဟိတအသင်းတွေ ညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်။

ဖြစ်ပွားနေတဲ့နေရာဒေသတွေကို အချိန်မီသွားရောက်ပြီး လိုအပ်တဲ့ကူညီမှုတွေ ပေးနိုင်ရန်အတွက် ဆွေးနွေးညှိနှိုင်းနေခြင်းဖြစ်ပါတယ်။

"မကွေးတိုင်းမှာလည်း ဖြစ်တယ်။ မန္တလေးတိုင်းမှာလည်း ဖြစ်နေတယ်။ ဖြစ်နေတော့ ကျွန်တော်တို့ သဘာဝ ဘေးတုံ့ပြန်မှုအဖွဲ့တွေအနေနဲ့အဖွဲ့တွေခွဲပြီးတော့ ဘယ်ဟာကို နံပါတ် ၁ အနေနဲ့ လုပ်မယ်။ ဘယ်ဟာ ကိုတော့ အရင်ဆုံးသွားကြမယ်ဆိုတာ ညှိနှိုင်းကြတာပါ။"လို့ မန္တလေးတိုင်းဒေသကြီး၊ သဘာဝဘေး တုံ့ပြန်ဆောင်ရွက်ရေး အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာသန်းထွန်းမြင့်က ပြောပါတယ်။

ဖြစ်ပွားတဲ့နေရာတွေကို ကူညီထောက်ပံ့ရန်အတွက် ပစ္စည်းများ စုဆောင်းနေသလို အလှူငွေများလည်း ကောက်ခံသွားမယ်လို့ သိရပါတယ်။သွားရောက်လှူဒါန်းမှုများပြုလုပ်တဲ့နေရာမှာ သက်ဆိုင်ရာဒေသ အာဏာပိုင်အဖွဲ့အစည်းတွေကို ဆက်သွယ်ပြီး လိုအပ်တဲ့နေရာတွေ လှူဒါန်းသွားမှာဖြစ်ပါတယ်။

သဘာဝဘေးခံစားနေရတဲ့ဒေသတွေအနေနဲ့မန္တလေးတိုင်းဒေသကြီး၊သဘာဝဘေးတုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့၊ဖုန်း ၀၉ ၅၆၀၀၂၀၉၊ ၀၂ ၄၀၆၁၁၉၈၊ ၀၉ ၇၇၀၀ ၈၇၈၁၆ ကို တိုက်ရိုက်ဆက်သွယ်အကူအညီ တောင်းခံနိုင်သလို လှူဒါန်းလိုသူများအနေနဲ့လည်း ဆက်သွယ်နိုင်ပါတယ်။