စစ်ကိုင်းတိုင်းလွှတ်တော်၌ မေးခွန်းတစ်ကြိမ်မှ မမေးရသေးသော ကိုယ်စားလှယ်တစ်ဦးရှိ

စစ်ကိုင်းတိုင်းလွှတ်တော်၌ မေးခွန်းတစ်ကြိမ်မှ မမေးရသေးသော ကိုယ်စားလှယ်တစ်ဦးရှိ

မုံရွာ၊ ဇွန် ၁၄။                         ။ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ၁၄ ကြိမ်မြောက် အစည်းအဝေးပြီးဆုံးချိန်တွင် လုံးဝ မေးခွန်းမမေးမြန်းသော လွှတ်တော်ကိုယ်စားလှယ်တစ်ဦးရှိနေကြောင်း စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ရုံးမှ သိရသည်။

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် သက်တမ်း (၂)နှစ်ခွဲကျော်ကာလအတွင်း ၄င်းလွှတ်တော် ကိုယ်စားလှယ်မှာ လုံးဝမေးခွန်း မမေးမြန်းရသေးဘဲ လွှတ်တော်၌သာ တက်ရောက်နေကြောင်း သိရသည်။

"လွှတ်တော်အစည်းအဝေးကျင်းပနေတာဟာ ဒေသဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်သူလူထုကို အကျိုးရှိစေမယ့် မေးခွန်းတွေ/အဆိုတွေ/ဥပဒေတွေ မေးမြန်းဆွေးနွေးကြဖို့ဖြစ်ပါတယ်။ ကိုယ်စားလှယ်တွေအနေနဲ့လည်း မိမိတို့ လုပ်ဆောင်ရမယ့်တာဝန်တွေကို ပိုမိုကြိုးစားဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်" ဟု စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသန်းက ပြောသည်။

ထို့ပြင် လွှတ်တော်ရေးရာကော်မတီများအနေဖြင့်လည်း အစည်းအဝေးပြီးဆုံးပါက မိမိတို့ကော်မတီအလိုက် ဆောင်ရွက်ရမယ့်ကိစ္စရပ်များကို ကြွေးကျန်မထားပဲ  ဆောင်ရွက်ကြစေလိုကြောင်း၊   ကော်မတီဥက္ကဋ္ဌများ အနေဖြင့်လည်း အဖွဲ့ဝင်များနှင့်ညှိနှိုင်းကာ အစည်းအဝေးကျင်းပခြင်း၊ ကွင်းဆင်းဆောင်ရွက်ခြင်း များကို လွှတ်တော်ကိုတင်ပြကာ ဆောင်ရွက်ကြ စေလိုကြောင်း လွှတ်တော်ဥက္ကဋ္ဌက ဆက်လက်ပြောသည်။

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေးပြီးဆုံးချိန်တွင် မေးခွန်းပေါင်း ၁၀၀၀ ကျော် မေးမြန်းခဲ့ကြပြီး ကြယ်ပွင့်ပြမေးခွန်း ရ၉၈ ခု၊ ကြယ်ပွင့်မပြမေးခွန်း ၃၂၇ ခု၊ နှင့် အဆို ၂၁ ခုအနက် ၁၇ ခုကို အတည်ပြုခဲ့ကြသည်။

လွှတ်တော်၌ မေးခွန်း၂၀ နှင့်အထက် အများဆုံး မေးမြန်းထားသူ ၉ ဦး၊ မေးခွန်း ၅ ခုအောက် အနည်းဆုံး မေးမြန်းထားသူ ၁၈ ဦးနှင့် မေးခွန်းလုံးဝ မေးမြန်းခြင်းမရှိသူ ၁ ဦးတို့ရှိပြီး ကိုယ်စားလှယ်တစ်ဦးချင်းစီအလိုက် မေးခွန်းမေးမြန်းမှု၊ဆွေးနွေးမှုများကို မှတ်တမ်းတင်ထားရှိကြောင်း လွှတ်တော်ရုံးမှ သိရသည်။

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်၌ လွှတ်တော်ပုံမှန်အစည်းအဝေး (၁၄)ကြိမ်၊ အထူး အစည်းအဝေး (၁)ကြိမ်၊ အရေးပေါ်အစည်း အဝေး (၂)ကြိမ်၊ စုစုပေါင်းအစည်းအဝေး (၁၇)ကြိမ် ကျင်းပခဲ့ပြီး ဖြစ်ကြောင်း လွှတ်တော်ရုံးမှတ်တမ်းများအရ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအပြင် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေး ၁၁ ကြိမ်မြောက် ပြီးစီးချိန် အထိလည်း ပန်းတနော်မြို့နယ် အမှတ် (၁) တိုင်းဒေသကြီးကိုယ်စားလှယ် မေးခွန်းမေးမြန်းမှု မရှိသေးကြောင်း  ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ဇွန်လ ၄ ရက်က ပြောထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly