အမှန်တကယ် ငြိမ်းချမ်းရေးလိုချင်ပါက မရနိုင်စရာမရှိဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြော

အမှန်တကယ် ငြိမ်းချမ်းရေးလိုချင်ပါက မရနိုင်စရာမရှိဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြော
ဓာတ်ပုံ-သူရ၊ မဇ္ဈိမ

 

ရန်ကုန်၊ ဇွန်လ ၁၄ ။                                  ။ အမှန်တကယ် ငြိမ်းချမ်းရေး လိုချင်ပါက မရနိုင်စရာအကြောင်း မရှိကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇွန်လ ၁၄ ရက်နေ့တွင် မော်လမြိုင်မြို့၌ပြုလုပ်သော ငြိမ်းချမ်းရေးစကားဝိုင်းတွင် ပြောကြားသည်။

ဇွန်လ ၁၄ ရက်နေ့၊ မော်လမြိုင်တက္ကသိုလ်ဘက်စုံခန်းမတွင် ပြုလုပ်သော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေသခံပြည်သူများစကားဝိုင်း၌ ပါ၀င်ဆွေးနွေးသူ ကိုကျော်ဇင်ဦး (ကျောင်းသား၊ တတိယနှစ်သချာင်္)၏ မေးခွန်းများအနက် တစ်ခုအတွက် ဖြေကြားခဲ့ခြင်းဖြစ်သည်။

"တကယ်ပဲ အားလုံးကနေ ငြိမ်းချမ်းရေးလိုချင်တယ်ဆိုရင် မရစရာအကြောင်းမရှိဘူး။ ဒါကြောင့် ငြိမ်းချမ်းတဲ့ နည်းနဲ့ ကိုယ့်ရဲ့သဘောဆန္ဒကိုဖြည့်ဆည်းနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်က အားနည်းနေလို့ မငြိမ်းချမ်းတဲ့ နည်းတွေ သုံးတယ်လို့ ဒီလိုပဲ ကျွန်မတို့တွက်ဆရမှာပဲ။ ဒါကြောင့်မို့ ကိုယ်ကငြိမ်းချမ်းတဲ့နည်းနဲ့ ကိုယ် လိုချင်တဲ့အရာတွေကို ရအောင်လုပ်ဖို့အတွက်၊ ကိုယ့်ဆန္ဒတွေကို ဖြည့်ဆည်းဖို့အတွက် အရည်အချင်းတွေကို တိုးပွားအောင် လုပ်ရမယ်။ လူတိုင်းလူတိုင်းလည်း လုပ်ရမယ်။ အစိုးရကလည်း ကူညီရမယ်။" ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ထို့ပြင် အစိုးရအနေဖြင့် ပြည်သူ့အကျိုးထမ်းဆောင်ရန် တာဝန်ရှိသော်လည်း အစိုးရကောင်းရုံဖြင့်မရနိုင်ဘဲ ပြည်သူလူထုပါ၀င်ရန် လိုအပ်ကြောင်း နို်င်ငံတော်၏အတိုင်ပင်ခုံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

"အစိုးရဆိုတာဟာ နိုင်ငံသူနိုင်ငံသားတွေအကျိုးကိုထမ်းဆောင်ဖို့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့။ သို့သော်ငြားလည်းနိုင်ငံတစ်နိုင်ငံမှာ အဓိကအင်အားက ပြည်သူလူထုပဲ။ အစိုးရဘယ်လောက်ကောင်းကောင်း ပြည်သူလူထုမပါလို့ရှိရင်မရဘူး။ အဲဒီတော့ ပြည်သူလူထုသာလျှင်အဓိကပဲ။ ပြည်သူလူထုတွေရဲ့စိတ်ဓာတ်ရော ဉာဏ်စွမ်းအားရော၊ အရည်အချင်းရော အဲဒီဟာတွေအားလုံးမြှင့်တင်ဖို့လိုတာပေါ့နော်" ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုသည်။

၄င်းဆွေးနွေးပွဲကို ကိုကျော်ဇင်ဦး (ကျောင်းသား၊ တတိယနှစ်သချာင်္)၊ မိဇင်ဝင်းမွန် (လူငယ်ရေးရာကေ်ာမတီဝင်၊ ငြိမ်းချမ်းရေးဖောင်ဒေးရှင်း)၊ စောကျော်မိုး (စားသောက်ဆိုင်လုပ်ငန်း)၊ မဆန်းသီရိ (သူနာပြုဆရာမ)၊ ခွန်ထူးအောင် (Capacity Developement-NGO)၊ မိယဉ်နွန်စွမ်း (ကျောင်းသူ၊ ဒုတိယနှစ်ဥပဒေ) နှင့် မိငွေလေး (မွန်စေတနာဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၊ အထည်ဆိုင်လုပ်ငန်း)တို့မှ ပါ၀င်ဆွေးနွေးခဲ့ကြသည်။

မွန်ပြည်နယ်အခြေစိုက် မွန်ပြည်သစ်ပါတီသည် မကြာသေးခင်ကမှ NCA အပစ်ရပ် လက်မှတ်ရေးထိုးခဲ့ပြီး ၊ ၁၉၉၅ ခုနှစ်က အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့ကာ ၂၀၁၀ ခုုနှစ် စက်တင်ဘာလတွင် အပစ်ခတ်ရပ်စဲရေး ပျက်ပြယ်ခဲ့သည်။

လက်ရှိတွင် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ကသာ လက်မှတ်ရေးထိုးထားပြီး မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အပါအဝင် အဖွဲ့ ၁၃ ဖွဲ့က လက်မှတ်ရေးထိုးခြင်း မရှိသေးပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly