ဟုမ္မလင်းသဝန်ထွက်ဝကျေးရွာတွင် အိမ်ခြေ ၁၀၀ကျော်၊ လူဦးရေ ၁ ထောင်ကျော် ရေဘေးသင့်

ဟုမ္မလင်းသဝန်ထွက်ဝကျေးရွာတွင် အိမ်ခြေ ၁၀၀ကျော်၊ လူဦးရေ ၁ ထောင်ကျော် ရေဘေးသင့်

ဟုမ္မလင်း၊ ဇွန် ၁၄ ။      ။ စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် သဝန်ထွက်ကျေးရွာတွင် မိုးရွာသွန်းမှုကြောင့် အိမ်ခြေ ၁၀၀ ကျော် နစ်မြုပ်၍ လူဦးရေ ၁ ထောင်ကျော် ရေဘေးသင့်ခဲ့ကြောင်း သိရသည်။

ဇွန်လ ၁၂ ရက်နေ့က စတင်၍ မိုးသည်းထန်စွာ ရွာသွန်းပြီး ဟုမ္မလင်းမြို့နယ် နမ့်ပါငချောင်းရေများကာ ရွာ၏ အနိမ့်ပိုင်းနေရာများတွင် နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။

" နှစ်စဉ်နှစ်တိုင်းလိုလိုဖြစ်တယ် အိမ်ပြောင်းရတာတွေတော့ မရှိပါဘူး။ သွားရလာရ နေထိုင်စားသောက်ရတာ တွေ ခက်ခဲတယ်။ ကျောင်းသူကျောင်းသားတွေအတွက် ပိုပြီးခက်ခဲတယ်။ ရေကြီးရေလျှံမှုတွေဖြစ်တော့ လှေကို အသုံးပြုရတယ်။ တချို့ဆိုရင် လှေအမြဲဆောင်ထားရတယ်"ဟု သဝန်ထွက်ဝကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဝင်းက ပြောသည်။

သဝန်ထွက်ဝကျေးရွာတွင် အိမ်ခြေ ၃၁၂ ကျော်ရှိပြီး လူဦးရေ ၃ ထောင်ကျော် နေထိုင်ကြောင်း သိရပြီး ယင်းရွာသူရွာသားများသည် တောင်ယာလုပ်ငန်းများကို အဓိကထား၍ လုပ်ကိုင်ကြကြောင်း သိရသည်။

ယခုလက်ရှိအချိန်တွင် ချောင်းရေများနည်းနည်းကျဆင်းသွားပေမယ့်လည်း သွားရလာရအချိန်တွင် လှေကို အသုံးပြုကာ ရေနစ်မြုပ်ခဲ့သည့် အိမ်များလည်း ဆုံးရှုံးမှုများမရှိခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly