ဂျကာတာ၊ ဇွန် ၁၃ ။ ။ အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းတွင် ဇွန် ၁၃ ရက်က မွတ်စလင် အိဒ်ပွဲတော်အတွက် ခရီးသည် အပြည့်အသိပ် လိုက်ပါလာသော သင်္ဘော တိမ်းမှောက်မှုဖြစ်ရာ လူ ၁၃ ဦး သေဆုံးကြောင်း တာဝန်ရှိသူများက ပြောသည်။
အသက်ရှင်လွတ်မြောက်သူ ၂၄ ဦးကို ဆေးရုံသို့ တင်ပို့ပေးနိုင်သော်လည်း ပျောက်ဆုံးနေသူ ဒါဇင်များစွာ ရှိနေမည်ဟု ဌာနေသဘာဝဘေးအေဂျင်စီ အကြီးအကဲ အမီရူဒင်က ပြောသည်။
ဂျိုလောရိုဟု ခေါ်သည့် ရိုးရာသစ်သားသင်္ဘောသည် တောင်ပိုင်းဆူလာဝေစီ၏ ပြည်နယ်မြို့တော် မာကာဆာမှ နေ့လယ်ပိုင်းက မြို့ကမ်းခြေ အနောက်မြောက်ဖက် ဘာရန်းလွန်ပို အပန်းဖြေကျွန်းသို့ ခရီးစဉ်တိုအဖြစ် ထွက်ခွာခဲ့ခြင်း ဖြစ်သည်။
“ရာသီဆိုးနေတဲ့အချိန် ဒီသင်္ဘောဟာ လှိုင်းလုံးကြီးတစ်လုံးရဲ့ ရိုက်ချတာ ခံရပြီး တိမ်းမှောက်တာပဲ ဖြစ်တယ်။”ဟု အမီရူဒင်က ပြောသည်။
ခရီးသည်များအနေဖြင့် မာကာဆာမြို့ပေါ် အလုပ်တက်လုပ်နေကြရသည့် ဘာရန်းလွန်ပို ဇာတိပြည်သူများ ဖြစ်ဖွယ်ရှိပြီး အိဒ်ပွဲတော် အားလပ်ရက် မိသားစုနှင့် အတူနေရန် ပြန်လာကြသူများ ဖြစ်သည်။
လှေက ဝန်ပိုအပြည့်တင်ခဲ့ကြောင်း မာကာဆာရဲချုပ် ဘတ်ချ်တီးယားက ပြောပြီး “ကျွန်တော်တို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ ကပ္ပတိန်ကို ဖမ်းဆီးထားပါတယ်။”ဟု ဖြည့်စွက်ပြောခဲ့သည်။