ကော့မှူးမြို့တွင် ဘက်စုံသုံးဆိပ်ကမ်းတည်ဆောက်ရန် ရန်ကုန်လွှတ်တော်မှတ်တမ်းတင်

ကော့မှူးမြို့တွင် ဘက်စုံသုံးဆိပ်ကမ်းတည်ဆောက်ရန် ရန်ကုန်လွှတ်တော်မှတ်တမ်းတင်

 

ရန်ကုန်၊ ဇွန် ၁၃ ။       ။ ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်၊ သရက်တောကျေးရွာတွင် Multipurpose Terminal ဆိပ်ကမ်းတည်ဆောက်ရန် လုပ်ငန်းစီမံကိန်းအစီရင်ခံစာနှင့်စပ်လျဉ်း၍ ဇွန်လ ၁၃ရက်နေ့က တိုင်းဒေသကြီးလွှတ်တော်တွင် မှတ်တမ်းတင်ခဲ့သည်။ ယင်းအစီရင်ခံစာကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင် က ဇွန်လ ၅ ရက်နေ့ (ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ၄၀ ရက်မြောက်နေ့) တွင် ပေးပို့ထားခဲ့သည်။

အဆိုပါ ဘက်စုံသုံးဆိပ်ကမ်းအတွက် ကော့မှူးမြို့နယ် သရက်တော့ကျေးရွာနှင့်ကွမ်းခြံကုန်းမြို့နယ် တော်ဓလူးကျေးရွာအကြား မြေဧက ၁၀,၅၃၀ ဧက ခန့် အသုံးပြုရန် လျာထားသည်။ ပထမအဆင့်အနေဖြင့် ဧက ၅၀၀ ကို မြစ်ကမ်းနားအရှည် ၂ ဒဿမ ၂ မီတာ နှင့် ဖော်ဆောင်သွားမည်ဖြစ်သည်။

"အဓိကအနေနဲ့ သယ်ယူပို့ဆောင်ရေးစရိတ်စကတွေ တည်မှီနေရတဲ့ စက်သုံးဆီများကို တင်သွင်းဖို့နဲ့ သိုလှောင်ဖို့ဟာ အဓိကအရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ စက်သုံးဆီဆိုတဲ့နေရာမှာ ကျွန်မတို့အစီရင်ခံစာမှာတင်ပြသွားသလိုပါပဲ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ယခုလက်ရှိအခြေအနေမှာ နှစ်စဉ် ဂါလန်သန်း ရ၀၀ သုံးဆွဲနေရကာ ကျွန်မတို့ရဲ့သိုလှောင်နိုင်စွမ်းက ဂါလန် သန်း ၅၀ ကျော် ပဲရှိပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် က ပြောသည်။

မြန်မာနိုင်ငံရှိ ပင်လယ်ရေကြောင်းထွက်ကုန်များ၏ ၉၅ ရာခိုင်နူန်းမှာ ရန်ကုန်ဆိပ်ကမ်းမှ တင်သွင်း၊ ပို့ဆောင် ပေးနေခြင်းဖြစ်သည့်အတွက် ရန်ကုန်ဆိပ်ကမ်းအခြေအနေတိုးမြှင့်ရန် လိုအပ်နေသည်ဟု ဒေါ်နီလာကျော်က ပြောသည်။

လယ်ယာထွက်ကုန်တင်ပို့မှုတွင် ၂၀၁၀ ခုနှစ်၌ ၁ ဒဿမ ၅၃ မီလီယံတန်မှ ၂၀၁၆ ခုနှစ်တွင် ၂ ဒဿမ ၆၆ မီလီယံတန် အထိ ရောက်ရှိလာခဲ့သည်။ စက်သုံးဆီကဲ့သို့အရည်များတင်သွင်းမှုသည် ၂၀၁၀ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ၆နှစ်တာကာလအတွင်း ၁ ဒဿမ ၅၄ မီလီယံတန်မှ ၄ ဒဿမ ၂၂ မီလီယံတန်ကို ရောက်ရှိခဲ့သည်။ ကွန်တိန်နာအရေအတွက်(Twenty-foot Equivalent Unit-TEU) သည်လည်း ၂၀၁၀ ခုနှစ်တွင် ၀ ဒဿမ ၃၃ သန်း မှ ၂၀၁၆ ခုနှစ်တွင် ၁ ဒဿမ ၀၆ မီလီယံတန် အထိ ရောက်ရှိခဲ့သည်။

ထိုကဲ့သို့ တင်ပိုမှုများတွင် အဓိကပို့ဆောင်ပေးနေသည့်ဆိပ်ကမ်းမှာ ရန်ကုန်ဆိပ်ကမ်းဖြစ်ကာ စက်သုံးဆီကဲ့သို့အရည်များတင်သွင်းမှုသည် ၂၀၃၀ ခုနှစ်အရောက်တွင် ၉ ဒဿမ ၁ မီလီယံတန်သို့ ရောက်ရှိလာနိုင်မည်ကို စျေးကွက်လေ့လာချက်အရ ဒေါ်နီလာကျော်က ပြောသည်။ ထို့အတူ ကွန်တိန်နာအရေအတွက်မှာ ၂၀၃၀ ခုနှစ်တွင် ၃ ဒဿမ ၆ သန်း အထိ   ရောက်ရှိလာနိုင်မည်ဖြစ်သလို ၂၀၃၀ ခုနှစ်တွင် လယ်ယာထွက်ကုန်တင်ပို့မှု ရ ဒဿမ ၀၅ ရှိလာနိုင်သည်ကို တွေ့ရကြောင်း ဆိုသည်။

အဆိုကို မှတ်တမ်းတင်ရန် လွှတ်တော်တွင် သဘောထားဆုံးဖြတ်ရာ ရွှေပြည်သာမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မင်း(ခ)ဦးဂေးမောင် က အစီရင်ခံစာများကို လွှတ်တော်တွင် မှတ်တမ်းတင်ရန်ချည်းလုပ်နေသည်မှာ မဖြစ်သင့်ကြောင်းနှင့် ဘက်စုံသုံးဆိပ်ကမ်းနှင့်ပတ်သတ်နှင့်ပတ်သတ်၍ အခြားသော အကြံပြုချက်များကို ပြောဆိုခဲ့သည်။

ထို့အတွက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း က ဥပဒေအရ မှတ်တမ်းတင်ရပြီး ဆုံးဖြတ်ချက်ချချိန်တွင် ပယ်ဖျက်ခွင့်ရှိကြောင်း ပြောဆိုခဲ့သည်။

"သူတို့ကိုအကောင်းဆုံးဖြစ်အောင်အစီရင်ခံစာတင်ခိုင်း တင်ပြီးတာနဲ့မကြိုက်ဘူးဆိုရင် မဲခွဲဆုံးဖြတ်ပြီး တီးထည့်လိုက်မှာပါနော် တီးလို့ရသေးတာတွေရှိတယ်"ဟု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ က ပြောခဲ့သည်။

အဆိုပါ အစီရင်ခံစာပါအချက်များနှင့်ပတ်သတ်၍ ရွှေပြည်သာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မင်း(ခ)ဦးဂေးမောင် အပါအဝင် ပန်းဘဲတန်းမြို့နယ်၊ ဆိပ်ကမ်းမြို့နယ်၊ အင်းစိန်မြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ လှိုင်မြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်၊ ကျောက်တံတားမြို့နယ်တို့မှ လွှတ်တော်ကိုယ်စားလှယ် ၁၁ ဦးက ဇွန်လ ၈ ရက်နေ့နှင့် ၁၁ ရက်နေ့ (ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ၄၂ရက်မြောက်နေ့နှင့် ၄၃ရက်မြောက်နေ့) တွင် ဆွေးနွေးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly