စာရင်းစစ်ချုပ်များ သမာသမတ် မကျပါက ပြတ်ပြတ်သားသား အရေးယူမည်ဟု တပ်လှန့်ထား

စာရင်းစစ်ချုပ်များ သမာသမတ် မကျပါက ပြတ်ပြတ်သားသား အရေးယူမည်ဟု တပ်လှန့်ထား
ပြည်ထောင်စုစာရင်းစစ်ချုပ်၊ တိုင်းနှင့်ပြည်နယ် စာရင်းစစ်ချုပ်များအား သမ္မတ ဦးဝင်းမြင့်က မေလ ၄ရက်တွင် တွေ့ဆုံခဲ့စဉ်(ဓာတ်ပုံ- နိုင်ငံတော်သမ္မတရုံး)

နေပြည်တော်(ဇွန်လ ၁၃ရက်၊ ၂၀၁၈ခုနှစ်)။ ။ ပြည်သူ့အကျိုးစီးပွားကို ရှေ့တန်းတင်ပြီး လုပ်ကိုင်ဆောင်ရွက်ကြရန်နှင့် ရိုးသားမှု၊ သမာသမတ်ကျမှု မရှိပါက ပြတ်ပြတ်သားသား အရေးယူမည်ဟု တိုင်းနှင်ပြည်နယ်အသီးသီးရှိ စာရင်းစစ်ချုပ်များကို သတိပေးပြောကြားထားသည်ဟု ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက ပြောကြားသည်။

“ကျွန်တော် ရောက်တဲ့ နေရာတိုင်းမှာ ပညာရှင်တွေ ကျင့်ဝတ်နဲ့အညီ လုပ်ကိုင်ဆောင်ရွက်ဖို့ဆိုပြီး မှာတယ်။ အကယ်၍ ရိုးသားမှု မရှိဘူး၊ သမာသမတ်မရှိဘူးဆိုရင် ထိထိရောက်ရောက် တစ်ကယ် ပြတ်ပြတ်သားသားလုပ်မှာဆိုပြီး အမြဲတမ်း တပ်လှန့်ထားပြီးသား” ဟု ဇွန်လ ၁၃ရက်၊ အမျိုးသားလွှတ်တော်အစည်းအဝေးအပြီး သတင်းထောက်များ၏ မေးမြန်းမှုအပေါ် ဦးမော်သန်းက ပြန်လည်ဖြေကြားသည်။

ပြီးခဲ့သည့် မေလ ၄ရက်တွင် သမ္မတ ဦးဝင်းမြင့်က ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း ဦးဆောင်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ် စာရင်းစစ်ချုပ်များအား ခေါ်ယူတွေ့ဆုံစဉ်ကလည်း ပြည်သူ့ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှုမရှိ စေရေးအတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေဖြင့် နိုင်ငံတော်၏ အရအသုံး စာရင်းများ စစ်ဆေးခြင်း၊ သတ်မှတ်ချထားပေးသော ခွင့်ပြုဘဏ္ဍာငွေများ အပြည့်အဝ ရရှိစေရန် ဆောင်ရွက်ထားခြင်း ရှိ၊ မရှိ၊ ရငွေများကို ထိရောက်စွာ အသုံးပြုခြင်း ရှိ၊ မရှိ၊ ချမှတ်ပေးသော ရည်ရွယ်ချက်၊ ရည်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင် ခြင်း ရှိ၊ မရှိ စစ်ဆေးကြပ်မတ်ပေးရန် လိုအပ်ကြောင်း လမ်းညွှန်ထားသည်။

ထို့ပြင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းနှင့်အညီ ကျင့်သုံးခြင်း ရှိ၊ မရှိ စစ်ဆေးရန်၊ စီမံကိန်းနှင့် လုပ်ငန်းဆောင်ရွက်မှုများသည် ပြည်သူလူထုအတွက် အမှန်တကယ် အကျိုးရှိ၊ မရှိ စိစစ်ရန်လည်း သမ္မတက လမ်းညွှန်ခဲ့သည်။

 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဦးဆောင်သည့် အစိုးရသက်တမ်း နှစ်နှစ်အတွင်း လက်သင့်သူကို မျက်နှာသာပေးသည့် မသမာမှုမျိုး အနည်းငယ် တွေ့ရသော်လည်း ငွေရေးကြေးရေး အလွဲအသုံးစားလုပ်မှု မတွေ့ရှိရသေးကြောင်း ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက ပြောကြားသည်။

ဦးမော်သန်းက “ငွေရေးကြေးရေး ကဏ္ဍတော့ မတွေ့ဘူး။ တွေ့ရင်လည်း ထိထိရောက်ရောက် အရေးယူသွားမယ်။ အလွဲသုံးစားလုပ်တာတော့ မတွေ့သေးဘူး” ဟု ဆိုသည်။

ထိုသို့ ငွေကြေးအလွဲသုံးစားမှု စစ်ဆေးတွေ့ရှိရခြင်း မရှိသေးသော်လည်း ငွေစာရင်း တွက်ချက်မှု မှားယွင်းခြင်း၊ ခန့်မှန်းခြေရ/သုံး ငွေစာရင်း မှားယွင်းခြင်းတို့ ဖြစ်ပေါ်နေသည်ကို ဝန်ကြီးဌာနတိုင်းတွင် တွေ့ရှိရပြီး တွေ့ရှိချက်များကိုလည်း သမ္မတနှင့် လွှတ်တော်ထံ တင်ပြထားသည်ဟု ၎င်းက ပြောသည်။

ဦးမော်သန်းက “သမ္မတ အနေနဲ့ကတော့ သိပြီးသား ဆက်ပြီးတော့ အရေးယူစရာရှိ အရေးယူပါလိမ့်မယ်။ ဘဏ္ဍာငွေ အလေအလွှင့် မရှိရအောင်လို့တော့ အရအသုံး စစ်တဲ့အခါမှာကော၊ နောက်ပြီးတော့ လုပ်ငန်းဆောင်ရွက်ချက်တွေ စစ်တဲ့အခါမှာကော ခုနကပြောတာမျိုး အတွက်အချက် မှားတာတို့၊ ခန့်မှန်းခြေမှားတာတို့၊ လုပ်ဆောင်ချက် မပီပြင်တာတို့ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ကျကျနန သေသေချာချာ လုပ်ကိုင်ဆောင်ရွက်မယ်ဆိုရင် လေလွှင့်တာတွေ ဟန့်တားနိုင်မယ်” ဟု ဆိုသည်။

နိုင်ငံတော်ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှု၊ ယိုဖိတ်မှု၊ အလွဲသုံးစားမှုများကို စစ်ဆေးတွေ့ရှိပါက ကျောသား ရင်သား မခွဲခြားဘဲ သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းထံသို့ အစီရင်ခံတင်ပြကြရန် ပြည်ထောင်စုစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် စာရင်းစစ်ချုပ်များအား သမ္မတ ဦးဝင်းမြင့်က မှာကြားထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags