ရန်ကုန်၊ ဇွန် ၁၃ ။ ။ ဆိုင်ရှင်ဖြစ်သူက စားပွဲထိုးဝန်ထမ်းအမျိုးသားကို အဓမ္မပြုကျင့်ခဲ့သည်ဟုစွပ်စွဲထားသော မယ်လိမ့်လုံစားသောက်ဆိုင်ပိုင်ရှင်အမှုတွင် ဇွဲမလျော့ပဲ ဥပဒေအတိုင်းသာ ဆက်လက်ရင်ဆိုင်သွားမည်ဟု အဓမ္မပြုကျင့်ကြောင်း စွပ်စွဲထားသူဘက်မှပြောဆိုလိုက်သည်။
ဆိုင်ပိုင်ရှင်ဖြစ်သူ ဦးအောင်မျိုးထွဋ်ကို တောင်ဥက္ကလာပမြို့နယ်တရားရုံးတွင် ဇွန်လ ၁၃ ရက်နေ့ ၆ ကြိမ်မြောက်ရုံးထုတ်စဉ် အဓမ္မပြုကျင့်ခံရသည်ဟု စွပ်စွဲထားသူ ကပြောဆိုလိုက်ခြင်းဖြစ်သည်။
“ ကိုယ့်ဘက်မှာ ဘာမှမရှိပေမယ့် ဥပဒေကိုပဲအားကိုးရမှာပဲ။ အမှန်တရားကိုပဲမြတ်နိုးတယ်ပေါ့နော်။ အဲ့ဒါကြောင့် အမှန်တရားကိုပဲဆက်လုပ်မယ်။ ပြီးတော့ တရားဥပဒေအတိုင်းပေါ့နော်။ အမှန်တရားတစ်ခုလည်းရချင်တယ်။ ဆက်လုပ်သွားမှာ ဘာပဲပြောပြောကျွန်တော် ဇွဲမလျော့ဘူး။ အရင်တုန်းက စိတ်ဓာတ်တော်တော်ကျတယ်။ အခုစိတ်ဓာတ်မကျဘူး ဆက်လုပ်သွားမယ် “ ဟု တရားလိုဖြစ်သူ မောင်မောင် (နာမည်လွဲ) ပြောသည်။
အဆိုပါရုံးချိန်းတွင် တရားရုံးမှ တရားလိုနှစ်ဦးဖြစ်သည့် စားသောက်ဆိုင်ဝန်ထမ်းဖြစ်ခဲ့သည့် မဟန်နီနှင့် အောင်ဗိုလ်ဗိုလ်ထွန်းတို့ကို လိုပြသက်သေ စစ်ရန်ချိန်းဆိုထားသော်လည်း နေမကောင်းဟုဆိုကာမလာရောက်ခဲ့ကြောင်း တရားခံရှေ့ နေဖြစ်သူ ဒေါ်အေးအေးသက်ကပြောသည်။
“ သူတို့ပြောတာပဲပေါ့ကွာ။ တကယ်ပဲနေမကောင်းတာလား။ ဘယ်လိုလဲတော့ တရားရုံးကို အထောက်အထားတင်ပြထားတာမရှိဘူး။ နှုတ်နဲ့ပဲရုံးကိုပြောတာ “ ဟု ၄င်းကဆိုသည်။
ထို့ကြောင့် မဟန်နီ၊ ကိုအောင်ဗိုလ်ဗိုလ်ထွန်းအပြင် ကိုကျော်ထက် တို့သုံးယောက်ကို တရားလိုစစ်ဆေးရန်အတွက် ဇွန်လ ၂၇ ရက်သို့ တရားသူကြီးကပြန်လည်ချိန်းဆိုခဲ့ကြောင်းသိရသည်။
အဆိုပါအမှုတွင် တရားလိုအပါအဝင် တရားလိုသက်သေ ၁၁ ယောက်ရှိပြီး ၂ ယောက်ကိုစစ်ဆေးပြီးလည်းဖြစ်သည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ မယ့်လိမ်လုံရှမ်းရိုးရာ စားသောက်ဆိုင်ပိုင်ရှင် အောင်မျိုးထွဋ် ဆိုသူက ၎င်း၏ဝန်ထမ်းဖြစ်သူ စားပွဲထိုးဝန်ထမ်းအမျိုးသားကို ၂၀၁၈ခုနှစ် မတ်လ ရ ရက် ညပိုင်းတွင် အဓမ္မ ပြုကျင့်ခဲ့ကြောင်း တောင်ဥက္ကလာပမြို့မရဲစခန်းမှ သိရသည်။
ထို့နောက် ၀န်ထမ်း အမျိုးသားကို ငွေကျပ် ၂၅၀၀ ကျပ်နှင့် ဖုန်းဘေ ၃၀၀၀ ကျပ်ဖြည့် ပေးခဲ့ကြောင်း ရဲဘက်မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် အဆိုပါစားသောက်ဆိုင်ပိုင်ရှင်ကို တောင်ဥက္ကလာပမြို့နယ်တရားရုံး၌ ရာဇဝတ်ကြီး မှုအမှတ် ၂၄၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၇ ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။
ရာဇသတ်ကြီး ပုဒ်မ ၃၇၇ အရ "အဓမ္မတာနှင့်ဆန့်ကျင်သော ကာမစပ်ယှက်မှုကိုပြုလျှင် ထိုသူကို တစ်သက် တစ်ကျွန်းဒဏ်ဖြစ်စေ၊ ၁၀ နှစ် အထိ ထောင်ဒဏ်တစ်မျိုးမျိုးကိုဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်" ဟု ပြဋ္ဌာန်းထား သည်။