မိုးအဆက်မပြတ် ရွာသွန်းနေခြင်းကြောင့် သရက်-အောင်လံ စက်တပ်ရေယာဉ်ငယ် သွားလာမှု ယာယီရပ်ဆိုင်း

မိုးအဆက်မပြတ် ရွာသွန်းနေခြင်းကြောင့် သရက်-အောင်လံ စက်တပ်ရေယာဉ်ငယ် သွားလာမှု ယာယီရပ်ဆိုင်း

 

ဇွန်၁၃ ။                    ။ မိုးအဆက်မပြတ် ရွာသွန်းနေခြင်းကြောင့် မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်းရှိ ဧရာဝတီမြစ်အတွင်း သရက်-အောင်လံ စက်တပ်ရေယာဉ်ငယ် သွားလာမှုအား ဇွန်လ(၁၃)ရက်နေ့မှစ၍ ခေတ္တလိုင်းပိတ်ထားကြောင်း သရက်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

“ဇွန်လ ၉ရက်နေ့ကတည်းက မိုးအဆက်မပြတ် ရွာသွန်းနေတယ်၊ မိုးလေဝသ အခြေအနေအရ အများပြည်သူ သွားလာမှု အဆင်ပြေရေးအတွက် ဧရာဝတီမြစ်မှာ သရက်- အောင်လံ ပြေးဆွဲနေတဲ့ စက်တပ်ရေယာဉ်ငယ်တွေသွားလာမှုကို ဒီနေ့ကစပြီး ခေတ္တလိုင်းပိတ်ထားပါတယ်၊ရာသီဥတုအခြေအနေအရ အများပြည်သူ လုံခြံုစွာ သွာလာနိင်ဖို့ ဇက်ရေယာဉ်နဲ့ တစ်နေ့ (၃)ကြိမ်နှုန်း ပြေးဆွဲဖို့ စီစဉ်ဆောင်ရွက်ပေးထားပါတယ်” ဟု သရက်ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေလင်းက ပြောသည်။

သရက်မြို့တွင် သရက်-အောင်လံ ဇက်ရေယာဉ်စီးခ လူတစ်ဦးလျှင် (၃၀၀)ကျပ်နှုန်း ကောက်ခံပြီး တစ်နေ့ (၃)ကြိမ် ပြေးဆွဲပေးမည်ဖြစ်ကာ ရာသီဥတု အခြေအနေအပေါ် မူတည်ပြီး ရက်အကန့်အသတ်မရှိ ပြေးဆွဲပေးမည်ဖြစ်ကြောင်း၊ယခင်ကတစ်နေ့လျှင် တစ်ကြိမ်သာ ဇက်ရေယာဉ် ပြေးဆွဲခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“အခုလို မိုးလေဝသအခြေအနေအရ ပဲ့ထောင်ခေါ် စက်တပ်ရေယာဉ်ငယ်တွေ မထွက်ဖို့ ပိတ်ထားတာ ကောင်းပါတယ်၊ ခရီးသွားလာပြည်သူတွေ အန္တာရယ် မဖြစ်ဖို့အတွက် လူကြီးတွေက ဆောင်ရွက်တာ လိုက်နာရမှာပေါ့’’  ဟု သရက်-အောင်လံ ပြေးဆွဲနေသည့် စက်တပ်ရေယာဉ်ငယ် လုပ်ငန်းရှင်တစ်ဦးဖြစ်သော ဦးကံမြင့်က ပြောသည်။

“ပြီးခဲ့တဲ့ မုန်တိုင်းဝင်တုန်းက ကမ်းနားကပ်ထားတဲ့ စက်တပ်ရေယာဉ်ငယ်တွေ မြုပ်ခဲ့တာ (၂၄)စီး ရှိခဲ့ပါတယ်၊ အခုမိုးနဲ့ ခေတ္တပိတ်တာ သင့်ပါတယ်၊ရာသီဥတု အခြေအနေအရ ယာယီ ပိတ်တာပါ၊ မိုးပွင့်လာရင် ပြန်ပြီး

ပြေးဆွဲခွင့် ပေးမှာပါ။လောလောဆယ်တော့စက်တပ်ရေယာဉ်ငယ်တွေမှာ လုပ်ကိုင်နေသူတွေရဲ့ ဝင်ငွေတော့ ယာယီထိခိုက်တာပေါ့”  ဟု စက်တပ်ရေယာဉ်ငယ်မောင်းသူ တစ်ဦးက ပြောသည်။

သရက်မြို့နယ်တွင် သရက်-အောင်လံ ပြေးဆွဲသည် စက်တပ်ရေယာဉ်ငယ်(၆၄)စီးရှိသည်။

ယာဉ်စီးခ တစ်ဦးလျှင်(၃၀၀)ကျပ်နှုန်းဖြစ်ကြောင်း၊ ရေယာဉ်ငယ်တစ်စီးလျှင် ဦးရေ(၃၅)ဦး တင်ဆောင်ပြီး တစ်နေ့(၆)ကြိမ် ပြေးဆွဲပေးလျှက်ရှိကြောင်း၊ သရက်-အောင်လံ မြစ်ကူးတံတား မရှိသေး၍ စက်တပ်ရေယာဉ်ငယ်များဖြင့်သာ သွားလာနိင်ကြောင်း သိရသည်။

ယခုလအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုများကြောင့် မြန်မာနိုင်ငံတွင် သုံးဦးသေဆုံးခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly