နေပြည်တော်ရှိ ကေတီဗွီခန်းများ ည ၁၁ နာရီ ပိတ်သိမ်းရမည်

နေပြည်တော်ရှိ ကေတီဗွီခန်းများ ည ၁၁ နာရီ ပိတ်သိမ်းရမည်
ဒက္ခိဏခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုရဲမှူးကြီး ဝင်းချွန်(ဓာတ်ပုံ - မင်းမင်း/မဇ္စျိမ)

နေပြည်တော်၊ စက်တင်ဘာ ၁ ။         ။ လာမည့် အထွေထွေ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများ စတင် မဲဆွယ်စည်းရုံးနိုင်မည့် စက်တင်ဘာ ၈ ရက်ကစကာ အစိုးရရုံး စိုက်ရာနေပြည်တော်ရှိ ကာရာအိုကေ (ကေတီဗီ) ခန်းများ  ည ၁၁နာရီအထိသာ ဖွင့်ခွင့်ပြုတော့မည်ဟု ဒက္ခိဏခရိုင်ရဲတပ်ဖွဲ့မှူးဖြစ်သူ ဒုရဲမှူးကြီး ဝင်းချွန်က ပြောဆိုလိုက်သည်။

နိုဝင်ဘာ ဒုတိယပတ်တွင် ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲ နီးကပ်လာချိန်တွင် လုံခြုံရေးအကြောင်းပြချက်ဖြင့် ကာရာအိုကေ(ကေတီဗီ)ခန်းများ ဖွင့်လှစ်ချိန်ကို ကန့်သတ်လိုက်ခြင်းဖြစ်သည်။

“ဖောက်ခွဲရေးလုပ်တဲ့သူတွေက အပြင်စားသောက်ဆိုင်မှာ စားသောက်ပြီး ကေတီဗွီမှာ ညလုံးပေါက်နေမယ်။ သူ သတင်းထောက်လှမ်းစရာရှိတာကို ထောက်လှမ်းမယ်။ ပိုင်ပြီဆိုရင် အဲ့ဒီကနေ သူထွက်ပြီးလုပ်မယ်။ ပြီးရင် ဒီအထဲမှာပဲ ပြန်ခိုနေမယ်။ ဒါဆိုရင် ကျွန်တော်တို့အနေနဲ့က ရှာဖွေရ၊ ကာကွယ်တားဆီးရတာ ခက်ခဲပါတယ်” ဟု ဒုရဲမှူးကြီးက ဆိုသည်။

ကာရာအိုကေ(ကေတီဗီ)ခန်းများကို ည ၁၁ နာရီအချိန်တွင် ပိတ်သိမ်းရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်က တရားဝင်ညွှန်ကြားခြင်းဖြစ်ပြီး “ဒါ့ကြောင့်မို့ ၁၁နာရီမှာ ပိတ်ပေးပါ။ ၁၁နာရီနောက်ပိုင်းမှာ ကျွန်တော်တို့ အခါအားလျော်စွာ လိုက်စစ်ဆေးပါမယ်” ဟုလည်း ဒုရဲမှူးကြီး ဝင်းချွန်က ဆိုသည်။

ညွှန်ကြားချက်သည် စက်တင်ဘာ ၈ ရက်တွင် စတင် အသက်ဝင်မည်ဖြစ်သော်လည်း မည်သည့်အချိန်တွင် သက်တမ်း ကုန်ဆုံးမည်ကိုမူ ဒုရဲမှူးကြီးက ပြောဆိုသွားခြင်းမရှိပါ။ ကာရာအိုကေ(ကေတီဗီ) များသည် လူနေရပ်ကွက်များကဲ့သို့မဟုတ်ဘဲ ဧည့်စာရင်း မစစ်နိုင်ခြင်းကြောင့် ည ၁၁ နာရီမတိုင်ခင် ပိတ်ကြရန် ညွှန်ကြားခြင်းဟုလည်း ပြောသည်။

“ အကြောင်းရှိပါတယ်။ ကျန်တဲ့ ရပ်ကွက်ထဲမှာဆိုရင်တော့ လူစိမ်းဝင်လာတာနဲ့ပတ်သ်လို့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကနေ ဧည့်စာရင်းတွေ စစ်ပါတယ်။ ကေတီဗီတွေမှာကျတော့ မစစ်ပါဘူး”
 
ကေတီဗွီဆိုင်ပိုင်ရှင်များ၊ တည်းခိုခန်းပိုင်ရှင်များ၊ ရွှေဆိုင်လုပ်ငန်းရှင်များ၊ စားသောက်ဆိုင်ကြီးလုပ်ငန်းရှင်များ၊ ဘဏ်လုံခြုံရေးတာဝန်ခံများ၊ ကားဂိတ်မှူးများအား နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်ရှိ အမှတ်(၁)ရဲစခန်းတွင် စက်တင်ဘာ ၁ရက် နံနက်ပိုင်းက ခေါ်ယူတွေ့ဆုံကာ ပြောဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကေတီဗွီဆိုင်များမှာ သက်ဆိုင်ရာအာဏာပိုင်များက ဗီဒီယိုအက်ဥပဒေဖြင့် တရားဝင်ခွင့်ပြုထားခြင်းဖြစ် ပြီး အနှိပ်ခန်းများကိုမူ နေပြည်တော်တွင် တရားဝင်ခွင့်ပြုထားခြင်းမရှိဟု ဆိုသည်။

သို့သော် နေပြည်တော်ကောင်စီနယ်မြေအတွင်း အလှပြင်ဆိုင်(Beauty Salon)ဆိုင်ဘုတ်တပ်ထားသည့် အနှိပ်ခန်းများစွာရှိသည်ဟု ပျဉ်းမနားဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

နေပြည်တော်တွင် အာဆီယံပွဲများကျင်းပချိန်တွင်လည်း ကေတီဗွီဆိုင်များကို ည ၁၁နာရီထသာ ဖွင့်ခွင့်ပြုခဲ့သလို ပြီးခဲ့သည့် ၂၀၁၄ခုနှစ်၊ အမေရိကန်သမ္မတအိုဘားမား ၏နေပြည်တော်ခရီးစဉ်တွင် လည်းကေတီဗီဆိုင်များ လုံးဝဖွင့်ခွင့်မပြုခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly