ချဉ်ပေါင်ဖူးရေနွေးကြမ်းက ဘယ်လိုဆေးဖက်ဝင်သလဲ

ချဉ်ပေါင်ဖူးရေနွေးကြမ်းက ဘယ်လိုဆေးဖက်ဝင်သလဲ

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

ချဉ်ပေါင်ဆိုတာ မြန်မာတွေအတွက် ခံတွင်းမြိန်စေတဲ့ ဟင်းတစ်ခွက်အဖြစ် ကြိုက်နှစ်သက်သူများပါတယ်။ ချဉ်ပေါင်ဟင်း၊ ချဉ်ပေါင်ကြော်ပါရင် ထမင်းမြိန်ကြသလို ဆီပြန်ဟင်းတွေ၊အကြော်အလှော်တွေနဲ့ အအီပြေချဉ်ပေါင်ဟင်းချိုလေး တွဲစပ်ချက်ပြုတ်ကြတာ အလှူပွဲတွေအထိပါပဲ။ ချဉ်ပေါင်ကို ချက်စားရုံပဲလားဆိုတော့ မဟုတ်ပါဘူး။ ချဉ်ပေါင်ဖူးကို ယိုထိုးပြီး အချိုပွဲအဖြစ်စားသုံးကြတာ ချိုချဉ်စပ်အရသာလေးနဲ့။

ဟိုးအရင်တည်းက မြန်မာ့ထမင်းဝိုင်းမှာ ပြေးမလွတ်တဲ့အထဲ ချဉ်ပေါင်၊ လက်ဖက်၊ ငါးပိရည်နဲ့ ကန်စွန်းရွက်တို့က အခုထိ ပါဝင်နေဆဲပါ။ ဒီလိုနည်းမျိုးစုံနဲ့ စီမံချက်ပြုတ်စားသုံးကြတာဟာ ချဉ်ပေါင်ရဲ့ ကျန်းမာရေး အကျိုးေျကျးဇူးတွေကြောင့်ဖြစ်မယ်ထင်ပါတယ်။ ဒါပေမယ့် ဟင်းဆိုရင် အမြဲစားမိလို့ ပန်းကမ္ဘာရောက်သွားနိုင်သေးတယ်၊ ယိုထိုးစားရင်လည်း အချိုတွေများများစားမိနေဦးမယ် ဆိုတော့ ချဉ်ပေါင်ရဲ့အာနိသင်တွေ အပြည့်အဝရနိုင်မယ့် နည်းလမ်းက —

ချဉ်ပေါင်ဖူးခြောက်လက်ဖက်ရည် ပါ။ ချဉ်ပေါင်ဖူးခြောက်ကို ရေနွေးပူပူမှာ ခတ်လိုက်တဲ့အခါ ရေနွေးကြမ်းနီနီလေးက ဘယ်ရီသီးဖျော်ရည်လိုလို ပါပဲ။ ချဉ်ပြံုးပြံုးလေးနဲ့ အအေးလိုသောက်ချင်ရင်လည်း ရပါတယ်။ ကယ်လိုရီနည်းပြီး ကဖင်းမပါတဲ့ လက်ဖက်ရည်ကြမ်းဖြစ်ပါတယ်။
ကျန်းမာရေးအတွက် ဘာအကျိုးကျေးဇူးတွေရနိုင်လဲ

ချဉ်ပေါင်ဖူး ရေနွေးကြမ်းက လူ့ခန္ဓာကိုယ်ကျန်းမာရေးအတွက် နည်းမျိုးစုံကနေ အကျိုးပြုပါတယ် –

သွေးပေါင်ချိန် မှန်စေတယ်

ဒီရေနွေးကြမ်းကိုပုံမှန်သောက်ပေးရင် သွေးဖိအားကို ကျစေပြီး သွေးတိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ တစ်ပတ်နှစ်ပတ်လောက်အတွင်း ရေနွေးပန်းကန်လုံးနဲ့ တစ်နေ့သုံးခွက် ပုံမှန်သောက်မယ်ဆိုရင် ဆီးရွှင်စေပြီး သွေးတိုးကိုကျစေပါတယ်။

သွေးတွင်းကိုလက်စထရောကိုကျစေတယ်

ချဉ်ပေါင်ဖူးက ခန္ဓာကိုယ်တွင်းက မကောင်းတဲ့ကိုလက်စထရောတွေ ကိုကျဆင်းစေပြီး နှလုံးရောဂါမဖြစ်အောင်ကာကွယ်နိုင်တယ်၊ သွေးကြောတွေကို ထိခိုက်မှုမရှိအောင်ကာကွယ်ပေးပါတယ်။ သွေးတွင်းအဆီဓာတ်ကျစေ၊ သွေးတွင်းသကြားဓာတ်ကျစေတဲ့အစွမ်းအာနိသင်ကြောင့် ဆီးချိုရောဂါရှိသူတွေအတွက်လည်း အကျိုးရှိစေနိင်ပါတယ်။

အသည်းကိုကာကွယ်ပေးတယ်

ဓာတ်တိုးဆန့်ကျင်အာနိသင်ကြောင့် အသည်းရောဂါတွေကုသရာမှာ အထောက်အကူပေးပါတယ်။ ခန္ဓာကိုယ်ထဲက ဆဲလ်တွေနဲ့ တစ်ရှူးတွေမှာ free radicals တွေကို ဓာတ်ပြယ်စေနိုင်တာဖြစ်လို့ ကျန်းမာအသက်ရှည်စေနိုင်ပါလိမ့်မယ်။

ကင်ဆာကာကွယ်နိုင်တယ်

ချဉ်ပေါင်ဖူးက အကျိတ်ကိုကြေစေပြီး ဓာတ်တိုးဆန့်ကျင်အာနိသင်တွေရှိတာကြောင့် ကင်ဆာဖြစ်စေတဲ့ဆဲလ်တွေပွားများမှုကို နှေးကွေးစေတယ်လို့ သိရပါတယ်။

အရောင်ကျစေတယ်၊ ရောဂါပိုးသေစေတယ်

ဗီတာမင်စီ ကြွယ်ဝတဲ့ ချဉ်ပေါင်ဖူးက ကိုယ်ခံအားကိုမြှင့်တင်ပေးနိုင်ပါတယ်။ ရောင်ရမ်းမှုကိုလျော့ကျစေပြီး ရောဂါပိုးကိုခုခံတိုက်ဖျက်နိုင်စွမ်းကြောင့် အအေးမိ၊တုပ်ကွေးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဖျားနေတဲ့အခါလည်း ဝေဒနာသက်သာစေဖို့အထောက်အကူပြုပါတယ်။

ရာသီလာချိန်ကိုက်ခဲမှုကို သက်သာစေတယ်

အမျိုးသမီးတွေရာသီလာတဲ့အချိန် ကိုက်ခဲမှုဝေဒနာတွေကိုလည်း သက်သာစေနိုင်တဲ့အာနိသင်ရှိပါတယ်။ ဟော်မုန်းပြန်လည်ထိန်းညှိနိုင်စေပြီး ရာသီလာချိန်မှာဖြစ်တတ်တဲ့ စိတ်အပြောင်းအလဲများ၊ စိတ်ကျခြင်းနဲ့ လွန်ကဲစွာအစားစားခြင်းစတဲ့ လက္ခဏာတွေကို သက်သာလျော့ပါးစေနိုင်ပါတယ်။

စိတ်ကျခြင်းကို သက်သာစေတယ်

ဗီတာမင်တွေနဲ့ flavonoids  လို သတ္တုဓာတ်တွေပါဝင်နေလို့ စိတ်ဓာတ်ကျခြင်းကို သက်သာစေနိုင်ပါတယ်။ ချဉ်ပေါင်ဖူးခြောက်ရေနွေးကြမ်းကိုသောက်သုံးခြင်းအားဖြင့် အာရုံကြောစနစ်ကို ကောင်းမွန်စေပြီး စိတ်နဲ့ခန္ဓာပြေလျော့စေတာကြောင့် စိုးရိမ်ပူပန်မှုနဲ့စိတ်ကျဝေဒနာကို သက်သာစေပါတယ်။

အစာကြေစေတယ်

ချဉ်ပေါင်ဖူးခြောက်ရေနွေးကြမ်းက ဆီးရွှင်၊ဝမ်းမှန်စေတာကြောင့် အစာချေဖျက်မှုကိုကောင်းမွန်စေပါတယ်။ ဝမ်းချုပ်တဲ့ပြဿနာကို ဖြေရှင်းနိုင်တာကြောင့် ကိုယ်အလေးချိန်လျှော့ချရာမှာအထောက်အကူဖြစ်စေပါတယ်။ အစာအိမ်နဲ့အူလမ်းကြောင်းစနစ်ကို ကျန်းမာစေလို့ အူကင်ဆာကိုကာကွယ်နိုင်ပါတယ်။

ရေငတ်ပြေစေတယ်

ချဉ်ပေါင်ဖူးရေနွေးကြမ်းကို အအေးအဖြစ် အားကစားလုပ်ရင်းသောက်ကြပါတယ်။ သူ့ရဲ့သဘောသဘာဝက ခန္ဓာကိုယ်ကို အမြန်ဆုံးအေးမြစေတဲ့အာနိသင်ရှိလို့ ရေအများကြီးသောက်လို့မဖြစ်တဲ့အခြေအနေမျိုးမှာ သူ့ကိုနည်းနည်းသောက်ရုံနဲ့ ရေငတ်ပြေစေနိုင်ပါတယ်။

ဝိတ်ကျစေတယ်

ချဉ်ပေါင်ဖူးက ခန္ဓာကိုယ်ရဲ့ ကစီဓာတ်နဲ့ဂလူးကို့စ်စုပ်ယူနိုင်စွမ်းကိုလျော့နည်းစေတာကြောင့် ကိုယ်အလေးချိန်လျှော့ချရာမှာ အထောက်အကူဖြစ်စေပါတယ်။ ကာဗိုဟိုက်ဒရိတ်နဲ့ ကစီဓာတ်စုပ်ယူမှုကို ကူညီပေးတဲ့ amylase ထုတ်လုပ်မှုကို ဟန့်တားပေးလို့ အဆီကျကျစ်လျစ်စေမှာပါ။

သတိပြုစရာက

ချဉ်ပေါင်ဖူးခြောက်ရေနွေးကြမ်းဟာ သွေးတိုးကျစေတဲ့အစွမ်းရှိတာကြောင့် သွေးပေါင်ကျတတ်သူတွေ ချင့်ချိန်သောက်သုံးသင့်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly