အစိုးရက ခွင့်မပြုသည့် “ရခိုင်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ”ကို ပုံစံပြောင်း၍ ကျင်းပ

အစိုးရက ခွင့်မပြုသည့် “ရခိုင်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ”ကို ပုံစံပြောင်း၍ ကျင်းပ
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ကျင်းပပြုလုပ်ခဲ့ကြသည့် ပုံစံတမျိုးပြောင်း “ရခိုင်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ” ကို တက်ရောက်လာသည့် ကိုယ်စားလှယ်တော်များ ဇွန်လ ၁၂ ရက်နေ့က အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ကူးကြစဉ် (ဓာတ်ပုံ - ANSCM)

ရန်ကုန် - ဇွန် ၁၂ ရက်။          ။ တရားဝင် ကျင်းပရန် ခွင့်ပြုချက်မရသေးသည့် “ရခိုင်အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲ” ကို ပုံစံတစ်မျိုးပြောင်း၍ ကိုယ်စားလှယ် ၉၀ နီးပါး ဖြင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ကျင်းပ ပြုလုပ်ခဲ့ကြသည်။

ဆွေးနွေးပွဲအား ပြည်ထောင်စုအစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ အဆင့်ဆင့်ပြုလုပ်ရာတွင် ပါဝင်နေသည့် ညီညွတ်သည့် တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ အဖွဲ့ဝင် ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) မှ ဦးဆောင်ပြီး ဇွန်လ ၈ ရက်နေ့မှ ၁၂ ရက်နေ့ထိ (၅) ရက်ကြာ ကျင်းပခဲ့ခြင်းလည်း ဖြစ်သည်။

“ကျွန်တော်တို့ တရားဝင် သွားနေတဲ့ Formal Process ကို Informal Process ဖြင့် အထောက်အကူပြုဖို့အတွက် ကျွန်တော်တို့က ရည်ရွယ်ပြီးလုပ်တာ ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် ဒီကရလာတဲ့ ရလဒ်ကို ကျွန်တော်တို့ ဆက်သယ်သွားဖို့ရှိတယ်။” ဟု ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) ၏ အထွေထွေအတွင်းရေးမှူး ဦးထွန်းဇော်က RiA သို့ ပြောသည်။

ဆွေးနွေးပွဲသို့ ရခိုင်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ULA/AA နှင့် ပြည်တွင်းနိုင်ငံရေးပါတီ ရခိုင်ဒီမိုကရေစီ အဖွဲ့ချူပ် (ALD) တို့မှအပ အခြား ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP/ALA) ၊ ရခိုင်ပြည်အမျိုးသား ကောင်စီ (ANC/AA) နှင့် ရခိုင်အမျိုးသားပါတီ၊ ရခိုင်မျိုးချစ်ပါတီ အပါအဝင် ရခိုင်တိုင်းရင်းသားမျိုးနွယ်စု မြို၊ ခမီ၊ ဒိုင်းနက် အစရှိသော KNDP, MNDP, MNP နိုင်ငံရေးပါတီများကလည်း တက်ရောက်ခဲ့ကြသည်။

ယင်းအပြင် ဥပဒေအထောက်အကူပြုအဖွဲ့၊ သယံဇာတဆိုင်ရာ အရပ်ဖက်အဖွဲ့အစည်းများနှင့် သဘာဝ ပတ်ဝန်းကျင်၊ လူ့အခွင့်အရေးနှင့် လူထုအခြေပြုအသင်းအဖွဲ့များ၏ တရားဝင် ကိုယ်စားလှယ် (၈၁) ဦးနှင့် လေ့လာသူ (၇) ဦးတို့က တက်ရောက်ခဲ့သည်ဟု ကျင်းပရေးအဖွဲ့မှ ဆိုသည်။

ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေခံပြီး ကျင်းပနေသော ၂၁ ရာစုပင်လုံညီလာခံ၌ ဆွေးနွေးမည့် ကဏ္ဍကြီး (၆) ရပ်ဖြစ်သည့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ သယံဇာ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် အစရှိသည့် မူဝါဒ ရေးရာများအား ပါဝင်ဆွေးနွေးနိုင်ရေး တက်ရောက်လာသည့် ကိုယ်စားလှယ်များ၏ သက်ဆိုင်ရာ ကဏ္ဍအလိုက် စုဖွဲ့ကာ ရေးဆွဲနိုင်ခဲ့သည်ဟု အဆိုပါ နှီးနှောဖလှယ်ပွဲမှ ဇွန်လ (၁၂) ရက် နေ့စွဲဖြင့် ထုတ်ပြန်သည့် ကြေညာချက်တွင် ထည့်သွင်းပါရှိသည်။

ဆွေးနွေးပွဲတွင် လက်ရှိ ခေါ်တွင်နေသော “ရခိုင်ပြည်နယ်” အစား “ရခိုင်ပြည်ထောင်” ဟု ပြောင်းလဲ ခေါ်ဝေါ် သတ်မှတ်ရန် သတ်မှတ်ခဲ့ကြပြီး ယင်းမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်ရာတွင် လွတ်လပ်စွာ လာရောက် ပူးပေါင်းသည့် ပြည်ထောင်တစ်ရပ်အနေဖြင့် ခံယူ၍ဟု ရခိုင်ပြည်အမျိုးသားကောင်စီ အထွေထွေ အတွင်းရေးမှူး ဦးထွန်းဇော်က ဆိုသည်။

“ကျွန်တော်တို့က ပြည်ထောင်စုဆိုတဲ့ သဏ္ဍန်တစ်ခုတည်းမှာ နေရရင်လည်းပဲ ကျွန်တော်တို့ဟာ ပြည်ထောင်စု အစစ်အမှန်မဟုတ်တဲ့ တိုင်းပြည်သဏ္ဍန်တစ်ခုအောက်မှာ ရောက်နေတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ဟာ စစ်မှန်တဲ့ ပြည်ထောင်စုကို တည်ဆောက်ချင်တဲ့အတွက် ဒီပြည်ထောင်စု ဆိုကတည်းက ပြည်ထောင်တွေ၊ မတူကွဲပြားတဲ့ တိုင်းရင်းသားများ ပြည်ထောင်တွေနဲ့ စုဖွဲ့ထားတယ်လို့ ကျွန်တော်တို့က နားလည်တယ်။ အဲဒီအတွက် ကျွန်တော်တို့ ရခိုင်ပြည်ထောင်သည် ဒီထဲမှာ ပါဝင်တယ်။ ပြည်ထောင်စုဆိုရင် ပြည်ထောင်ပဲ ဖြစ်ရမယ်ပေါ့။”ဟု ရခိုင်ပြည်အမျိုးသားကောင်စီ အထွေထွေ အတွင်းရေးမှူး ဦးထွန်းဇော်က ပြောသည်။

၎င်းတို့ ရေးဆွဲချမှတ်ခဲ့ကြသည့် အခြေခံမူများအားလည်း အဆင့်ဆင့်သော နိုင်ငံရေးဆွေးနွေးပွဲနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဖြစ်စဉ်တွင် ဘုံမူဝါဒသဘောထား ရပ်တည်ချက်များအဖြစ် အသုံးပြုသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ် အစည်းအဝေးကို ဇွန်လ နောက်ဆုံးသီတင်းပတ်တွင် ကျင်းပပြုလုပ် နိုင်ဖွယ်ရှိပြီး ယင်းအစည်းအဝေးသို့ တင်ပြရန် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို သက်ဆိုင်ရာ ပြည်နယ်များအလိုက် ကျင်းပပြုလုပ်ကြရာတွင် ရခိုင်ပြည်နယ်၌ ကျင်းပပြုလုပ်ရန် လတ်တလော အခြေနေများ ကြောင့် မဖြစ်နိုင်ဟု ပြည်ထောင်စုအစိုးရက သတင်းထုတ်ပြန်ထားသည်။

ယခု ကျင်းပပြုလုပ်ခဲ့သော ရခိုင်အမျိုးသားအဆင့် မူဝါဒရေးရာ နှီးနှောဖလှယ်ပွဲသည် အလားတူ ဆွေးနွေးပွဲမျိုးကဲ့သို့သော ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးပွဲသို့ တက်ရောက်နိုင်ခဲ့ခြင်း မရှိသေးသည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ULA/AA နှင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချူပ် (ALD) တို့ကိုမူ အစည်းအဝေးဆုံးဖြတ်ချက်အရ ဖြစ်ပေါ်လာသည့် လုပ်ငန်းရေးရာ ကော်မတီများတွင် ထည့်သွင်းနိုင်ရေး အစီစဉ်ရှိပြီး ဆက်လက်ညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဟု ဦးထွန်းဇော်က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly