ရန်ကုန်တွင် STUDENT SHOW 2018 (ကျောင်းသားပွဲတော်) ပြုလုပ်မည်

ရန်ကုန်တွင် STUDENT SHOW 2018 (ကျောင်းသားပွဲတော်) ပြုလုပ်မည်

ရန်ကုန် ဇွန် ၁၂ ။        ။ လာမည့် ဇူလိုင်လ ၁၂ ရက်နေ့တွင် တက္ကသိုလ်ကျောင်းသားသမဂ္ဂ ရ ခုပေါင်းပြီး STUDENT SHOW 2018 (ကျောင်းသားပွဲတော်) ပြုလုပ်သွားမည်ဟုသိရသည်။

STUDENT SHOW 2018 (ကျောင်းသားပွဲတော်) ပြုလုပ်မည့်ကိစ္စနှင့်ပတ်သက်ပြီး ဇွန်လ ၁၂ ရက်နေ့ က ရန်ကုန်၊ Phandeeyar (ဖန်တီးရာ)ခန်းမတွင် ကျောင်းသားသမဂ္ဂများပူးပေါင်းပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်အသီးသီးရှိ ကျောင်းသားကျောင်းသူများအချင်းချင်း ရင်းနှီးချစ်ခင်မှု ရှိစေရန်၊ ပညာသင်ယူနေသော နယ်ပယ်အသီးသီးမှ ကျောင်းသားကျောင်းသူများ၏ ပညာရပ်ဆိုင်ရာ နည်းပညာများကို လွတ်လပ်စွာနှီးနှောဖလှယ်နိုင်စေရန်၊ ကျောင်းသားတစ်ဦး တစ်ယောက်ချင်းစီ၏ ကိုယ်ပိုင်အရည်အချင်းများကို ထုတ်ဖော်ပြသခွင့်ရရှိစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်ဟု သိရသည်။

"ကျွန်တော်က အင်ဂျင်နီယာကျောင်းသားဆိုတော့ ကိုယ်ပိုင် Project လုပ်မလား၊ Project Show ရှိ တယ်၊ အနုပညာလုပ်မလား၊ ဒါ၀ါသနာပါရင်လည်း Art Show ရှိတယ်၊ Entertainment တွေရှိတယ်၊ နောက်ပြီးတော့ Panel Discussion ဆွေးနွေးပွဲတွေရှိတယ်၊ အဲဒီလိုမျိုးတွေနဲ့ ကျောင်းသားတွေရဲ့ လုပ်နိုင်စွမ်းတွေကို ပြသနိုင်ဖို့ စီစဉ်ထားတယ်၊ အဓိက ကျောင်းသားလူငယ်တွေ ဘာတွေလုပ်နိုင်သလဲ ပြသနိုင်မယ့် အခွင့်အရေးပဲ" ဟု မြန်မာနိုင်ငံရေကျောင်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ဒုတိယဥက္ကဋ္ဌ ကိုနိုင်အောင်သူက ပြောသည်။

ရန်ကုန် မင်းဓမ္မလမ်းရှိ Myanmar Convention Center (MCC) တွင် ကျင်းပမည့် အဆိုပါပွဲတော်တွင် Project Show၊ Art Show၊ Presentation၊ Panel Discussion၊ Entertainment၊ Education and Career Opportunities Map စသည့် ကဏ္ဍ ၆ ခုဖြင့် ကျင်းပသွားမည်ဟု သိရသည်။

ယင်းကဏ္ဍများ အတွက် တစ်နိုင်ငံလုံးက ကျောင်းသားကျောင်းသူများ ပါဝင်နိုင်မည်ဖြစ်ပြီး ကျောင်းသား သမဂ္ဂများချိတ်ဆက်၍ အခြေခံကျောင်းများကို အခြေခံပညာဦးစီးဌာနမှ တစ်ဆင့် ဖိတ်ကြားမည်ဟု သိရသည်။

" မြန်မာနိုင်ငံမှာကျောင်းသားတွေအနေနဲ့က ကိုယ့်ရဲ့လုပ်နိုင်စွမ်းကို ဖော်ထုတ်စရာနေရာမရှိဘူးပေါ့ ဗျာ၊ အဲဒီတော့ကျောင်းသားတွေအနေနဲ့ ကိုယ်ဘာလုပ်နိုင်သလဲဆိုတာ ဖော်ထုတ်နိုင်ဖို့ ဒီပွဲကို စီစဉ် ဖြစ်တာ၊ ၀န်ကြီးဌာနတွေအနေနဲ့လည်း ဒီပြွတော်ဖြစ်မြောက်ရေးအတွက် ခွင့်ပြုထားတယ်၊ အကူအညီတွေလည်း ပေးထားပါတယ်" ဟု မြန်မာနိုင်ငံရေကျောင်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ဒုတိယ ဥက္ကဋ္ဌ ကိုနိုင်အောင်သူက ပြောသည်။

STUDENT SHOW (ကျောင်းသားပွဲတော်)ကို ၂၀၁၅ ခုနှစ်က ပထမအကြိမ်ကျင်းပခဲ့ပြီး ယခုနှစ်တွင် ဒုတိယ အကြိမ် ထပ်မံကျင်းပသွားမည် ဖြစ်သည်။ ယခုနှစ် STUDENT SHOW 2018 (ကျောင်းသားပွဲ တော်)ကို ရန်ကုန်အနောက်ပိုင်းနည်းပညာ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ သန်လျင်နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ မြန်မာနိုင်ငံရေကျောင်းပညာ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်ကျောင်းသားများသမဂ္ဂ(တကသ)၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ ဒဂုံ တက္ကသိုလ်ကျောင်းသားများသမဂ္ဂနှင့် အမျိုးသားစီမံခန့်ခွဲမှု ကျောင်းသား များသမဂ္ဂတို့ ပူးပေါင်းကျင်းသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly