မြန်မာ-ထိုင်း သံတမန်ဆက်ဆံခြင်း နှစ် ရ၀ပြည့် “Myanmar Insight 2018” ကို ဘန်ကောက်တွင် ပြုလုပ်မည်

မြန်မာ-ထိုင်း သံတမန်ဆက်ဆံခြင်း နှစ် ရ၀ပြည့် “Myanmar Insight 2018” ကို ဘန်ကောက်တွင် ပြုလုပ်မည်
ဓာတ်ပုံ - သက်ကို

ဇွန် ၁၂။        ။ မြန်မာ-ထိုင်း နှစ်နိုင်ငံ သံတမန်ဆက်ဆံခြင်း အနှစ် ရ၀ပြည့် အထိမ်းအမှတ်ပွဲကျင်းပခြင်းနှင့် ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှု မြင့်တက်သောအခြေအနေကို ပိုမိုသိရှိစေရန် “Myanmar Insight 2018” ဟောပြောပွဲကို ဘန်ကောက်တွင် ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါဟောပြောပွဲကို ဇွန်လ ၂၀ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ရှန်ဂရီလာဟိုတယ်တွင် ကျင်းပ သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံထိုင်းသံရုံး (ရန်ကုန်)နှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအသင်း (TBAM) တို့ ပူးပေါင်းပြီး ဆောင်ရွက်ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ ထိုင်း၊ မြန်မာ စီးပွားရေး လုပ်ဖော်ကိုင်ဖက်တည်တံ့ရေးကို ရည်ရွယ်ပြီး ထိုင်းစီးပွားရေး လုပ်ငန်းရှင်တွေအတွက် မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွ့ံဖြိုးတိုးတက်မှုအခြေအနေတွေ၊ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု၊ ကုန်သွယ်ရေးနဲ့ ပတ်သက်တဲ့ အခွင့်အလမ်းတွေကို လေ့လာနိုင်ဖို့ ရန်ကုန်မှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးနဲ့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအသင်း (TBAM) တို့ ပူးပေါင်းပြီး အစဉ်မပြတ်လုပ်ဆောင်နေပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Jukr Boon-Long က ပြောသည်။

ဇွန်လ ၁၂ ရက်၊ ထိုင်းသံရုံး(ရန်ကုန်)တွင် ပြုလုပ်သည့် “Myanmar Insight 2018” သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့ခြင်း ဖြစ်သည်။

“Myanmar Insight 2018” ဟောပြောပွဲတွင် မြန်မာနိုင်ငံ၏ လက်ရှိ မက်ခရိုစီးပွားရေးအခြေအနေများ မြန်မာ့စီးပွားရေးနှင့် သက်ဆိုင်သည့် ၀န်ကြီးဌာနများ၊ အေဂျင်စီများနှင့် DICA စသည်တို့မှ ချမှတ်ထား သော မူဝါဒအသစ်များ၊ နည်းဥပဒေအသစ်များကိုအကြောင်းကို ဟောပြောသွားမည်ဖြစ်သည်။

ထို့အပြင် မြန်မာနိုင်ငံ၏ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍနှင့် စိုက်ပျိုးရေး၊ ငါးလုပ်ငန်း စသော အဓိကစီးပွားရေးကဏ္ဍများနှင့် အခွင့်အလမ်းများကို ခေါင်းစဉ် ၄ ခုဖြင့် တစ်ရက်တာ ဟောပြောပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

“မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုဥပဒေကို ၂၀၁၆ မှာ ရေးဆွဲပြီး ပြီးခဲ့တဲ့နှစ် ဧပြီမှ စပြီးအသက်ဝင်အသုံးပြုပါတယ်။ ကုမ္ပဏီများအက်ဥပဒေ (၁၉၄၁)ကို ပြန်ပြင်ဆင်ရေးဆွဲခဲ့တဲ့ မြန်မာကုမ္ပဏီများ ဥပဒေကတော့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာမှာ ပြီးသွားခဲ့ပြီး ဒီနှစ် သြဂုတ်လလောက်မှာ စပြီးအသက်ဝင်လာပါတော့မယ်။ မြန်မာနိုင်ငံအတွက် စီးပွားရေး ရင်းနှီးမြှုပ်နှံမှု တိုးတက်အောင် ပြုလုပ်တဲ့အစီအစဉ် (Myanmar Investment Promotion Plan – MIPP) လို့ခေါ်တဲ့ အစီအစဉ်တစ်ခုဖြစ်ပြီး ပြည်တွင်းရော၊  ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေပါ တိုးတက်စေဖို့ ရည်ရွယ်ချက်နဲ့လုပ်တဲ့ အစီအစဉ်ဖြစ်ပါတယ်” ဟု DICA မှ လက် ထောက်ညွန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွန့်က ပြောသည်။

ယခုနှစ်သည် သံတမန် ဆက်ဆံရေး နှစ် ရ၀ ပြည့်ခဲ့သော မြန်မာနှင့် ထိုင်းနိုင်ငံတို့သည် ၁၉၉၀ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်ရေးသဘောတူညီချက်စာချုပ်ကို ချုပ် ဆိုခဲ့ကာ ၁၉၉၇ ခုနှစ်တွင် နှစ်နိုင်ငံ နယ် စပ်ကုန်သွယ်ရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီး ကုန်သွယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှုများ လက်ရှိအချိန်ထိ ဆောင်ရွက်လျက်ရှိသည်။

မြန်မာနှင့်ထိုင်း နှစ်နိုင်ငံကုန်သွယ်မှုသည် ၂၀၁၃-၁၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅.၆ဘီလီယံ၊ ၂၀၁၄-၁၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅.၇ဘီလီယံ၊ ၂၀၁၅-၁၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄.၈ ဘီလီယံ၊ ၂၀၁၆-၁၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄.၂ဘီလီယံနှင့် ၂၀၁၇-၁၈ မတ်လကုန်အထိ ၅ ဘီလီယံနီးပါး ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနစာရင်းများအရ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly