‘နှလုံးရည်ချင်း ယှဉ်လို့မရလို့ အကောင့်ပိတ်ချလိုက်တယ်လို့ပဲ ပြောချင်တယ်’

‘နှလုံးရည်ချင်း ယှဉ်လို့မရလို့ အကောင့်ပိတ်ချလိုက်တယ်လို့ပဲ ပြောချင်တယ်’
ဓာတ်ပုံ - သူရ/ မဇ္ဈိမ

 

ဇွန်လ ၁၂ ။         ။ ဘူးလက်ဂျာနယ်တွင် ရေးသားဖော်ပြခဲ့သော အကြောင်းအရာနှင့်ပတ်သက်ပြီး   လွှတ်တော်ကိုယ်စားလှယ် ဟောင်း ဦးလှဆွေအား ရွေးကောက်ပွဲကော်မရှင်မှ   ခေါ်ယူပြောဆိုခဲ့ကြောင်း ၊ အကောင့် ပိတ်ခံရခြင်းနှင့် ပတ်သက်၍ နေပြည်တော် ၌   သတင်းထောက်များနှင့်တွေ့ဆုံစဉ် ပြောဆိုခဲ့သည်များကို အောင်မြတ်သူက ပေးပို့ထားသည်။ 

မေး ။ ။ ရွေးကောက်ပွဲကော်မရှင်က ဘာကိစ္စခေါ်ပြောတာလဲ။

ဖြေ။     ။ ကျွန်တော့်ဂျာနယ်ထဲမှာဆောင်းပါးတစ်ပုဒ်ရေးလိုက်တယ်။ ရွေးကောက်ပွဲ ၂၀၁၈ ကြိုတင်ဟောကိန်း ဆိုပြီးတော့ အဲ့ဒီ့ထဲမှာရေးထားတာက ကြံခိုင်ရေးပါတီက   ဒေါက်တာနန္ဒာလှမြင့်က   မြန်မာနိုင်ငံရွေးကောက်ပွဲ ကော်မရှင်ရဲ့ တရားမျှတမှုကိုနည်းနည်းသံသယရှိတယ်ပြောထားတယ်။ အဲဒါလေးလည်း ကျွန်တော် ရေးထားတယ်။ အခုပြောတာက တရားမျှတမှုမရှိဘူးလို့ ခဏခဏပြောရင် တရားစွဲမယ်လို့ ကျွန်တော့်ကိုပြောတယ်။

တရားမျှတမှုမရှိဘူး၊ တရားမျှတမှု မရှိဘူး၊ တရားမျှတမှု မရှိဘူးလို့ ခဏ ခဏပြောရင် သိက္ခာကျတဲ့ အတွက်ကြောင့် တရားစွဲမယ်လို့ ကျွန်တော့်ကို ပြောလိုက်ပါတယ်။ နောက်တစ်ခုက ကျွန်တော်က ပြောတယ်။ သူတို့ သန်းပေါင်း ၁၆၀၀ တင်တာနဲ့ပက်သက်လို့ ၈ယောက်တုန်းကလည်း သန်းပေါင်း ၁၆၀၀ ပဲ၊ ၁၃ ယောက် တုန်းကလည်းသန်းပေါင်း ၁၆၀၀ ပဲပေါ့။ အဲ့လိုဖြစ်နေတယ်လို့ ကျွန်တော်က ရေးထားတာ။ သူတို့က ရှင်းပြတာက ကျွန်တော်တို့က ဘတ်ဂျက်ကိုပိုတင်ထားပါတယ်တဲ့။ ပိုတင်ထားတဲ့အတွက်ကြောင့် ဘတ်ဂျက်ဆိုတာ တစ်ခါတင်ပြီးလို့ရှိရင် ပြန်တောင်းရခက်တဲ့အတွက်ကြောင့် ပိုလို့ရှိရင် ပြန်အပ်ပါတယ်တဲ့။ ၂၀၁၇ တုန်းကလည်း ကျွန်တော်တို့ ထုတ်ထားတဲ့ ဘတ်ဂျက်တွေပိုနေလို့ ပြန်အပ်ပါတယ်တဲ့။ တစ်ပြားတစ်ချပ်မှ အလွဲသုံးစားမလုပ်ပါဘူးတဲ့။ ဦးလှဆွေ ရေးတဲ့ပုံစံက အလွဲသုံးစားလုပ်တဲ့ပုံစံ ဖြစ်နေဖြစ်နေတယ်။ ပိုတဲ့ ပိုက်ဆံတွေ သူတို့ကော်မရှင်အဖွဲ့ဝင်တွေ ခွဲယူလိုက်တဲ့ပုံစံမျိုး စာဖတ်ပရိတ်သတ်တွေက တွေးလိမ့်မယ်တဲ့။ ဒါကြောင့်မို့လို့ အဲဒါမှားပါတယ်တဲ့။ အဲဒါကို ပြန်လည်ပြီးတော့ ဂျာနယ်ထဲမှာ ဖြေရှင်းဖော်ပြပေးပါ။ ကျွန်တော်ကလည်းဖော်ပြပေးပါမယ်လို့ပြောလိုက်တယ်။ အဲဒါက အဓိကပါပဲ။ နောက်တစ်ခါ ဦးတင်ဦးတို့ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဝင်းထိန်တို့  ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ Silent Day မှာ ပြောသလို ဒီတစ်ခေါက်လည်းပြောဦးမှာလားလို့ ကျွန်တော် ရေးတဲ့အထဲမှာပါတယ်။ ရေးတာကို သူတို့ကဘယ်လိုပြောလဲဆိုတော့ အဲ့ဒီတုန်းကလည်း ဒီကိစ္စကို ဖြေရှင်းပြီးဖြစ်ပါတယ်။ 

ဒါဟာကန့်ကွက်လွှာတင်လို့ပယ်ချပြီးဖြစ်ပါတယ်။  ရှင်းပြီးသားကြီးကို ထပ်ရေးတဲ့အတွက်ကြောင့် ဒါတော့ မရေးသင့်ဘူးပေါ့။ အဲ့ဒီလိုမျိုး ကျွန်တော့်ကို ပြောပါတယ်။ အဲ့ဒါတွေကိုဖြေရှင်းပြီးသားဖြစ်တဲ့ဟာကို ပြန်လည်ဖော်ပြလို့ ပယ်ချပြီးသားဖြစ်တယ်ပေါ့ ။ ဒါကို ကျွန်တော်က အဲဒါမျိုး ပြောခဲ့တယ်။ ကျွန်တော့်ဂျာနယ်ရဲ့ နဂိုရေးတဲ့စာမျက်နှာမှာပဲ အဲဒါကို ပြန်လည်ပြီးတော့ ဖြေရှင်းချက်လေး ရေးပေးပါလို့ သူတို့က တောင်းဆိုပါတယ်။ ကျွန်တော် ရေးပေးပါ့မယ်လို့ ပြောခဲ့တယ်။ ဒါပါပဲ။

မေး ။   ။ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲနဲ့ပက်သက်ပြီးတော့ပေါ့ ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး စဉ်းစားနေတယ်ပြောတာပေါ့နော်။ အခုလည်း ရွေးကောက်ပွဲမှာ တရားမျှတမှုမရှိဘူး ပြောရင် တရားစွဲမယ်ဆိုတော့ လာမယ့်ရွေးကောက်ပွဲသည် ဘယ်လိုဖြစ်လာနိုင်မလဲခင်ဗျ။

ဖြေ ။    ။ လာမယ့် ရွေးကောက်ပွဲက ၁၃ နေရာပဲ ရှိတဲ့အတွက်ကြောင့် မဲပေးတာမှာတော့ ထိရောက်မှုမဖြစ်ဘူး။ လွှတ်တော်ထဲမှာ  ၁၃ ယောက်လောက်ဝင်သွားတာနဲ့ ထိရောက်မှုတော့မဖြစ်ဘူး။ ကြံ့ခိုင်ရေးပါတီအနေနဲ့ မဝင်ဘူးလို့ ကျွန်တော် လတ်တလောအားဖြင့် သတင်းရရှိထားတယ်။ သူတို့အနေနဲ့ ဘာလဲဆိုတော့ ဒီလို မဝင်လိုက်တာက ပိုကောင်းတယ်လို့ ကျွန်တော်ထင်တယ်။ ဘာလို့ဆိုတော့ အဲဒါဆိုရင် ပိုပြီးတော့ ဆင်ခြင်သွားလိမ့်မယ်လို့ ။ ပါတီကြီးက မဝင်ဘူးဆိုတော့ ကမ္ဘာက။ နည်းနည်းကမ္ဘာကို သတိပေးလိုက်သလို ဖြစ်သွားမယ်။ အဲ့ဒီတော့ မဝင်တာပိုပြီးတော့ ကောင်းလိမ့်မယ်လို့ ကျွန်တော်မြင်တယ်။ 

မေး။   ။ ဘူးလက် အကောင့် အပိတ်ခံရတာနဲ့ပတ်သက်ပြီး ပြောပါဦး။

ဖြေ ။    ။ ကျွန်တော့်အကောင့်ကိုပိတ်တာတော့ ပိတ်တဲ့သူတွေဟာ ပြန်ကြားရေးဝန်ကြီးဌာနက သူတို့ ပိတ်တာမဟုတ်ဘူးလို့ ရှင်းတယ်။ ကျွန်တော်က ပြန်ကြားရေးဝန်ကြီးဌာနက ပိတ်ပါတယ်လို့ တစ်ခါမှမပြောဘူး။ ဒါပေမယ့် သူတို့ဟာသူတို့ သူတို့ပိတ်တာမဟုတ်ဘူးဆိုပြီး ထပြောတာပေါ့ဗျာ။ ကျွန်တော်က မပြောဘဲ သူတို့ပဲပြောတာ။ ဒါပေမယ့် တစ်ခုရှိတာက ပြန်ကြားရေးဝန်ကြီးနဲ့ အဲ့ဒီ့က Facebook က တာဝန်ရှိသူတွေနဲ့ တွေ့ပြီး ၂၄ နာရီမပြည့်ခင်မှာ အကောင့်တွေကျကုန်တာကိုး။ ကျွန်တော်အပါအဝင်ပေါ့ဗျာ။ တခြား ၄၊ ၅ ယောက်လောက် ရှိမှာပေါ့။ အဲ့ဒီလိုတွေကျကုန်တော့ ကျွန်တော်က ကိုယ့်ဟာကိုယ်သာတွေးကြည့်ပေါ့လို့ ဘယ်သူပိတ်တယ်ဆိုတာ။ အဲ့ဒီတော့ ပြန်ကြားရေးက သူတို့ ပိတ်တာမဟုတ်ဘူးဆိုတာ ထရှင်းတာ။ ကျွန်တော်က ဘာမှမပြောပါဘူး။ ဒါပေမယ့်လို့ ကျွန်တော့်အကောင့်ပိတ်တဲ့သူတွေဟာ နှလုံးရည်အားဖြင့် ကျွန်တော် စတေးတပ်တွေမှာ တင်မယ်။ ခင်ဗျားတို့ ဟိုဘက်ကတင် ကြိုက်တဲ့သူတင် ကြိုက်တဲ့သူလိုက် Share ၊ Share ချင်သလို Share ၊ မန့်ချင်မန့် ကျွန်တော်က Open ပဲ ဖွင့်ထားတာ။ မန့်ဘောက်လည်း ကျွန်တော်က Open ဖွင့်ထားတာ။ ဒါပေမယ့် အဲ့ဒီလိုမျိုးယှဉ်ပြီးတော့ မရေးနိုင်တော့တဲ့အခါကျတော့ သူတို့က ကျွန်တော့်အကောင့်ကို ပိတ်ချလိုက်တာလို့ ဒီလိုပဲမြင်တယ်။ 

အဲ့ဒီတော့ ကျွန်တော့်အကောင့် ပိတ်တဲ့သူတွေဟာ ဘယ်သူလို့ မစွပ်စွဲဘူး။ အကောင့်ပိတ်တဲ့သူဟာ သတ္တိမရှိတဲ့သူ။ မျက်နှာချင်းဆိုင် ရင်ဆိုင်ပြီးတော့ နှလုံးရည်နဲ့ မတိုက်ခိုက်နိုင်တဲ့သူလို့  ။ ဒါကြောင့်မို့လို့ ကျွန်တော့်အကောင့်ကိုပိတ်တာ။ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့သလိုပေါ့ ဘောလုံးကန်တယ်။ ကန်ရင်း ကန်ရင်းနဲ့ မနိုင်ရင် လူချတယ်ဗျာ။ ဗမာတွေရဲ့အကျင့်ဆိုတာ အဲဒါပဲ။

ဖျက်တဲ့သူတွေက သတ္တိမရှိတဲ့သူ၊ သူရဲဘောကြောင်တဲ့သူလို့ပဲ ကျွန်တော်ပြောချင်တယ်။ ဒဲ့ရင်ဆိုင်လေ. . နော့။ ကျွန်တော်လည်းတင်မယ် ပို့စ်တင်မယ်၊ စတေးတပ်တင်မယ်။ ကြိုက်တဲ့သူတင် ၊ ကျွန်တော်ကနိုင်ငံရေးသမားပဲ။ ဖောက်ခွဲရေးသမားမဟုတ်ဘူး။ အကြမ်းဖက်သမားမဟုတ်ဘူး။ ကျွန်တော် မူးယစ်ဆေးဝါးခေါင်းဆောင်လည်း မဟုတ်ဘူး။ ကျွန်တော့်ကိုအဲ့ဒီလိုမျိုးပိတ်တာတော့ မသင့်လျော်ဘူးထင်တယ်။ နိုင်ငံရေးပို့စ်လည်းတင်မှာပဲ။ အမုန်းစကားလို့ လာမပြောနဲ့လေ ။ ကျွန်တော်က USDP ကလေ ၊ ဟုတ်တယ်မှတ်လား။ NLD ကောင်းပါတယ်။ တအားတော်ပါတယ်လို့ ဘယ်တော့မှပြောမှာမဟုတ်ဘူး။

သူတို့ဟာ နှလုံးရည်နဲ့ယှဉ်လို့မရလို့ အကောင့်ပိတ်ချလိုက်တယ်လို့ပဲ ကျွန်တော်ကပြောချင်တယ်။  ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly