ကော့ကရိတ်၌ ရွှေဆိုင်ကို နေ့ခင်းအချိန် ဝင်ရောက်လုယက်ပြီး ပစ်ခတ်မှု ဖြစ်ပွား

ကော့ကရိတ်၌ ရွှေဆိုင်ကို နေ့ခင်းအချိန် ဝင်ရောက်လုယက်ပြီး ပစ်ခတ်မှု ဖြစ်ပွား
ဓာတ်ပုံ- ဒေါနအောင်တိုး

ကော့ကရိတ် ၊ဇွန် ၁၂ ။             ။ ကော့ကရိတ်မြို့ အမှတ်(၅)ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ ရွှေဆိုင်တစ်ဆိုင်ကို နေ့ခင်းအချိန် ဝင်ရောက်လုယက် ပစ်ခတ်မှု ဇွန်လ ၁၀ ရက်က ဖြစ်ပွားခဲ့ကြောင်း သိပြီး တရားခံအား ဖမ်းမိနိုင်ရေး စုံစမ်းလျှက်ရှိကြောင်း ကော့ကရိတ်မြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ဇွန် ၁ဝ ရက် မွန်းလွဲ ၁ နာရီ ၃၄ မိနစ်က ကော့ကရိတ်မြို့ အမှတ်(၅)ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ ဖြူစင်သန့်ရတနာရွှေဆိုင်သို့ ယာဉ်နံပါတ် တပ်ဆင်ထားခြင်းမရှိသော Wave 110(အပြာရောင်ဆိုင်ကယ်၊ ဆိုင်ကယ်စီး ဦးထုပ်အနက်)၊ မိုးကာအကျႌ အဝါရောင်၊ ဘောင်းဘီဂျင်း (နက်ပြာ)ရောင်၊ ကွင်းထိုး ဖိနပ်(အနက်ရောင်)စီးထားသူတစ်ဦး ရောက်ရှိလာပြီး ဆိုင်အတွင်းသို့ ဝင်ရောက်လာကာ ဆိုင်ပိုင်ရှင်၏ ဇနီး ဖြစ်သူ ဒေါ်ချိုချိုအေး(၅၅ နှစ်) အား ၎င်းက မိုးကာကျောပိုးအိတ် အသေးထဲမှ ဂက်စ်သေနတ်အတိုဖြင့် ထုတ်ချိန်ပြီး ရွှေထည်ပစ္စည်းများအား အိတ်အတွင်းသို့ ထည့်ရန် ပြောဆိုခဲ့သည်။

ဒေါ်ချိုချိုအေးက ငွေကျပ်တစ်သိန်း ထုတ်ပေးသည်ကို မယူဘဲ သေနတ်ဖြင့် တစ်ချက်ပစ်ဖောက်ရာ ဒေါ်ချိုချိုအေး၏ ရင်ညွန့်တည့်တည့် ဖောက်ဝင်ဒဏ်ရာ ရရှိခဲ့ပြီး ၎င်းက ရွှေထည်ပစ္စည်းများ ထည့်ထားသည့် မှန်ဗီဒိုရိုရှိရာသို့ သွားရောက်ပြီး ရွှေထည်ပစ္စည်းများအား ထည့်ခိုင်းစဉ် ဒေါ်ချိုချို အေးနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြောင်း၊ ယင်းနောက် သေနတ်သမားမှာ ရွှေထည်ပစ္စည်းများအား မယူဆောင်တော့ဘဲ စီးနင်းလာသော ဆိုင်ကယ်ကို မောင်းနှင်၍ အမှတ်(၂)ရပ်ကွက် ဝင်းကြီးရပ်ဘက်သို့ ထွက်ပြေးသွားကြောင်း သိရသည်။

လက်ရှိတွင် ဒေါ်ချိုချို၀င်းမှာ အစာအိမ်ထိမှန်ထားသောကြောင့် မဲဆောက်ဆေးရုံတွင် သွားရောက်ကုသ နေကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ကော့ကရိတ် မြို့မရဲစခန်းက တရားခံအား ဖမ်းဆီးရမိနိုင်ရေးအတွက် အရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly