ချယ်ရီတွေ လှပဝေဆာ ပွင့်မည့် မန္တလာည"ရန်ပုံငွေတေးဂီတဖျော်ဖြေပွဲ ပြုလုပ်မည်

ချယ်ရီတွေ လှပဝေဆာ ပွင့်မည့် မန္တလာည"ရန်ပုံငွေတေးဂီတဖျော်ဖြေပွဲ ပြုလုပ်မည်

"ချယ်ရီတွေ လှပဝေဆာ ပွင့်မည့် မန္တလာည"အမည်နဲ့ ရန်ပုံငွေတေးဂီတဖျော်ဖြေပွဲကို ဇွန်လ ၁၄ ရက်၊ညနေ ၄ နာရီက စတင်ပြီး မန္တလေးမြို့၊မြို့တော်ခန်းမမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

ဒီပွဲကို မန္တလေးရောက် ရှမ်းလူငယ်များနဲ့ဖွဲ့စည်းတည်ထောင်ထားတဲ့ မောက်ကွမ်တိုင်း ရှမ်းချယ်ရီ ပရဟိတ အသင်းက ဦးဆောင်ပြီး နိုင်ငံကျော် ဂန္ထဝင်တေးသံရှင် စိုင်းဆိုင်မောဝ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ပြုလုပ်တာလည်း ဖြစ်ပါတယ်။ ရရှိတဲ့ငွေများကိုလည်း စိုင်းဆိုင်မောဝ် ကျန်းမာရေးကုသဖို့အတွက် ထောက်ပ့ံပေးသွားမှာလည်း ဖြစ်ပါတယ်။

မောက်ကွမ်တိုင်း ရှမ်းချယ်ရီ ပရဟိတအသင်းဥက္ကဋ္ဌ စိုင်းလျန်းဆိုင်ဖက"ဒီပွဲကိုစီစဉ်ဆောင်ရွက်ဖြစ်တာကတော့ ကျွန်တော်တို့မန္တလေးမှာရှိတဲ့ မန္တလေးမှာရောက်လာတဲ့ ရှမ်းလူငယ်တွေ စုပေါင်းပြီးတော့မှ အမြဲတမ်း စုပေါင်းပြီး တော့မှ ပရဟိတလုပ်တယ်ဆိုတဲ့ အနေအထားလေးနဲ့ စတင်ပြီး တည်ထောင်ခဲ့တာပါ။ အခု စိုင်းဆိုင်မောဝ် ဒီလိုမျိုးဖြစ်နေတယ်ဆိုတော့ ကျွန်တော်တို့ ရှမ်းလူငယ်တွေအနေနဲ့လည်း လုပ်ပေးသင့်တယ်လို့ထင်ပါတယ်။ နောက်ပြီးတော့ ရှမ်းလူငယ်တွေအနေနဲ့ပွဲတွေ ဒီလိုဦးဆောင်ပြီးတော့ လုပ်ပြတယ်။လုပ်နိုင်တယ်ဆိုတဲ့ဟာကို ပြချင်တဲ့အနေနဲ့လုပ်ခဲ့တာပါ။အခုဒီပွဲမှာရလာတဲ့ အကျိုးမြတ်တွေကိုလည်း တေးသံရှင် စိုင်းဆိုင်မောဝ်ကို သွားပြီး လှူဒါန်းမှာပါ။တေးသံရှင်စိုင်းဆိုင်မောဝ် ကျွန်တော်တို့ရဲ့ ဖြူစင်တဲ့မေတ္တာတွေနဲ့ ရလာတဲ့ အကျိုးအမြတ်တွေနဲ့အတူ ဆေးကုသတဲ့အခါမှာ အမြန်ဆုံးကျန်းမာပြီးတော့မှ ပြည်သူချစ်သော အနုပညာရှင်အဖြစ်၊ဂန္တဝင်တေးသံရှင်အဖြစ် ဆက်လက် အချိန်အကြာကြီး ပြည်သူတွေရင်ထဲရှိနေပါစေလို့ ဆုတောင်းပါတယ်။"လို့ ပြောပါတယ်။

ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ ပြုလုပ်ရတာနဲ့ပတ်သက်ပြီး ဒီကနေ့၊မနက် ၁၁ နာရီက မန္တလေးမြို့၊၃၅လမ်း၊၅၈လမ်းနဲ့ ၅၉ လမ်းကြားမှာရှိတဲ့ Hotel Apex Mandalay မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။

ဂီတဖျော်ဖြေပွဲမှာ စိုင်းဆိုင်မောဝ်ရဲ့ သီချင်းတွေကို ရှမ်းပြည်နယ်အရှေ့ပိုင်း၊မြောက်ပိုင်း၊တောင်းပိုင်းမှာရှိတဲ့ ရှမ်းလူငယ်တေးသံရှင် ၂၀ ဦးကျော်က ရှမ်း၊မြန်မာ နှစ်ဘာသာနဲ့ သီဆိုသွားကြမှာလည်းဖြစ်ပြီး လက်မှတ် တစ်စောင် ၅၀၀၀ကျပ် သတ်မှတ်ထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly