မိုဘိုင်းငွေကြေးဝန်ဆောင်မှုစနစ်ကို လုံခြုံသည့်နည်းပညာအစီအမံထားရှိရန် စီမံ/ဘဏ္ဍာဝန်ကြီးဌာနဖြေဆိုမှု လွဲနေဟု ဆို

မိုဘိုင်းငွေကြေးဝန်ဆောင်မှုစနစ်ကို လုံခြုံသည့်နည်းပညာအစီအမံထားရှိရန် စီမံ/ဘဏ္ဍာဝန်ကြီးဌာနဖြေဆိုမှု လွဲနေဟု ဆို

 

နေပြည်တော်၊ ဇွန်လ ၁၂ ။                 ။ မြန်မာနိုင်ငံတွင် တွင်ကျယ်စွာ အသုံးပြုလာသည့် မိုဘိုင်းငွေကြေးဝန်ဆောင်မှုစနစ်များအတွက် လုံခြုံမှုရှိစေရန် မည်ကဲ့သို့ထားရှိမလဲဆိုသည့် မေးခွန်းအပေါ်တွင် စီမံ/ဘဏ္ဍာ ၀န်ကြီးဌာနမှ အနည်းငယ်လွဲပြီး ဖြေဆိုခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး၊ မဲဆန္ဒနယ် အမှတ်(၂)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးထွန်းထွန်းဦးက ပြောသည်။

“ကျွန်တော်ကလည်း အဓိကကလည်း ဖြေစေချင်တာ ဗဟိုဘဏ်တို့၊ ဆက်သွယ်ရေးတို့က ဖြေစေချင်တာပေါ့။ ဒါပေမယ့် ကျွန်တေ်ာ့မေးခွန်းထဲမှာလည်း စီမံဘဏ္ဍာက ပါသွားတော့ စီမံ/ဘဏ္ဍာက လာဖြေတယ်။ ဖြေတော့ မေးခွန်းနဲ့ တော့ နည်းနည်းလေး လွဲနေသလိုပဲ ။ ကျွန်တေ်ာမေးတဲ့ မေးခွန်းက အဲ့ဒီလို Security ပေါ့နော်။ Cyber Security အားနည်းနေပြီးတော့ ဒီဝန်ဆောင်မှုပေးနေတဲ့ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွေအပေါ်မှာ ခိုင်မာတဲ့ နည်းပညာ အစီအမံထားရှိဆောင်ရွက်ဖို့ ဘယ်လိုလုပ်ပေးမလဲလို့မေးတာ ဆိုလိုချင်တာပါ” ဟု ဦးထွန်းထွန်းဦးက ပြောသည်။

ဇူလိုင်လ ၁၁ရက်နေ့က ကျင်းပခဲ့သည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တေ်ာ အဋ္ဌမပုံမှန်အစည်းအဝေးတွင် ဦးထွန်းထွန်းဦးက “မြန်မာနိုင်ငံတွင် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာသော မိုဘိုင်းဘဏ္ဍာရေး ဆိုင်ရာ ငွေကြေးဝန်ဆောင်မှု စနစ်များကိုသတင်းအချက်အလက် ပေါက်ကြားမှုနှင့် ဆိုက်ဘာ တိုက်ခိုက်ခံရမှုများမရှိဘဲ ပြည်သူအများ စိတ်ချလုံခြုံစွာ အသုံးပြုနိုင်ရန်အတွက် ခိုင်မာသော နည်းပညာ လုံခြုံရေး အစီအမံများ ဆောင်ရွက်ထားရှိရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာမှ ညွှန်ကြားထိန်းသိမ်း စီမံဆောင်ရွက်ရန် အစီစီ ရှိ/မရှိ” နှင့် စပ်လျဉ်းသည့် မေးခွန်းကိုမေးမြန်းခဲ့ခြင်းဖြစ်သည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အဆိုပါ မေးခွန်းနှင့်ပတ်သက်ပြီး “ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေ ပုဒ်မ ရ၉ အရ မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် လုံခြုံမှုနှင့် ထိရောက်မှု ရှိသော ငွေပေးချေမှုစနစ်ကိုဖြစ်စေရန်အတွက် ၄င်းဥပဒေနှင့် အခြားသက်ဆိုင်ရာ ဥပဒေပါ သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ လျှောက်ထားလာသည့် အဖွဲ့အစည်းတစ်ရပ်ရပ်ကို လိုင်စင်ထုတ်ပေးခြင်း၊ ငြင်းပယ်ခြင်း ၊ ရုပ်သိမ်းခြင်းအပါအဝင် ၄င်းလုပ်ငန်းကိုကြီးကြပ်စေခြင်း၊ ကြပ်မတ်ကွပ်ကဲခြင်းများကို လုပ်ဆောင်နေသည်” ဟု ပြန်လည်ဖြေကြားခဲ့သည်။

မြန်မာနိုင်ငံတွင် အသုံးပြုနေသော ဆေ့ာဝဲလ် အများစုသည် Open Source များမှ လိုင်စင်ကြေးပေးရန် မလိုသော လိုင်စင်မဲ့ Pirate version များဖြစ်ပြီး ၄င်းဗားရှင်းများသည် Global Team များ၏ ထောက်ပ့ံကူညီမှု မရရှိဘဲ ကိုယ်တိုင်ဆောင်ရွက်ရသဖြင့် အဆိုပါ ဗားရှင်းများကို ကြပ်မတ်ထိန်းကျောင်းနိုင်သည့် ပညာရှင် ရှားပါးခြင်းနှင့် လိုအပ်သည့် အခြေခံအဆောက်အဦများ ချို့တဲ့နေသည့်အတွက် Microsoft ၏ စစ်တမ်းများအရ မြန်မာနိုင်ငံသည် Malware ဟုခေါ်သည့် ကွန်ပျူတာ စနစ်များကို အန္တရာယ်ပြု နိုင်သည့် ဆော့ဝဲလ်များဖြင့် တိုက်ခိုက်နိုင်ရခြေ အများဆုံး ၅ နိုင်ငံတွင် ပါ၀င်နေကြောင်း ဦးထွန်းထွန်းဦးက အစည်းအဝေးအတွင်း ထောက်ပြပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် ဆိုက်ဘာရာဇဝတ်မှုများလုပ်တတ်သော နိုင်ငံခြားသားများ ရောက်ရှိလာပြီး ATMစက်များမှ ငွေခိုးထုတ်ယူမှုများဖြစ်ပွားသည်ကို မကြာခဏဖြစ်ပွားနေကြောင်း ကြားသိရပြီး “ပြီးခဲ့တဲ့ ဧပြီလ၂၄ရက်နေ့က ကျွန်တော့်မဲဆန္ဒန နယ်မြေတစ်ခုဖြစ်တဲ့ မန္တလေးပြည်ကြီးတံခွန်မြို့နယ်မှာရှိတဲ့ အွန်လိုင်းငွေကြေးဝန်ဆောင်မှု လုပ်ငန်း Wave Money ကိုယ်စားလှယ်များထံတွင် Verification Code တွေကိုခိုးယူပြီးတော့ အကောင့်အတုတွေကနေ ငွေခိုးထုတ်ယူမှုများဖြစ်ပွားခဲ့ပါတယ်” ဟု ၄င်းက ဆက်လက်ထောက်ပြခဲ့သည်။

“မိုဘိုင်းငွေရေးကြေးရေး ၀န်ဆောင်မှုလုပ်ငန်းများအတွက်ပြည်သူ အများ စိတ်ချလုံခြုံစွာ အသုံးပြုနိုင်စေရန် ၄င်းအဖွဲ့အစည်းများကိုလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ထုတ်ပေးသူ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကစည်းမျဉ်းများ ညွှန်ကြားချက်များထုတ်ပြန်ထားရှိ၍ ကွပ်ကဲကြပ်မတ်ဆောင်ရွက်” နေသည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အစည်းအဝေးတွင်းဖြေကြားခဲ့သည်။

မြန်မာနိုင်ငံတွင် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများကို ဘဏ်များမှ ဆောင်ရွက်သည့် မိုဘိုင်းဘဏ်လုပ်ငန်း၊ ဆက်သွယ်ရေးအော်ပရေတာများ(Telecom Operators) များမှဆောင်ရွက်သည့် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းနှင့် ဘဏ်မဟုတ်သော ငွေမိုဘိုင်းငွေရေးကြေးရေး ၀န်ဆောင်မှုဆောင်ရွက်သည့် အဖွဲ့အစည်းများ၏ မိုဘိုင်းငွေရေးကြေးရေးဆောင်ရွက်မှု လုပ်ငန်းများ ဟူ၍ သုံးမျိုးရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly