အီဂျစ်အသင်းနဲ့ လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်တဲ့ ဆာလာ

အီဂျစ်အသင်းနဲ့ လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်တဲ့ ဆာလာ

 

ဇွန် ၁၂၊ အီကတ်တာရင်ဘတ်။             ။ လီဗာပူးလ်ကြယ်ပွင့် မိုဆာလာတစ်ယောက် ကမ္ဘာ့ဖလားပွဲအချိန်မီ အီဂျစ်လက်ရွေးစင်အသင်းမှာ ပါဝင်ကစားနိုင်ဖို့ အခြေအနေ ကောင်းနေပါတယ်။

အီဂျစ်အသင်းရဲ့ အားအထားရဆုံးကစားသမားဖြစ်လာနိုင်ပြီး ခြေစွမ်းပြနိုင်မယ်လို့ ပရိသတ်က ယုံကြည်ထားတဲ့ ဆာလာဟာ ရီးယဲလ်မက်ဒရစ်နဲ့ လီဗာပူးလ်တို့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပုခုံးဒဏ်ရာ ရရှိခဲ့သူပါ။

ပြီးခဲ့တဲ့လက ကစားခဲ့တဲ့အဲဒီပွဲမှာ ရီးယဲလ်မက်ဒရစ်အသင်းခေါင်းဆောင် ရာမို့စ်နဲ့ ဘောလုံးယှဉ်လုရင်း ပုခုံးဒဏ်ရာရရှိခဲ့တာ ဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့လွဲမှာ စိုးရိမ်ခဲ့ရသူဖြစ်ပါတယ်။

ဒါပေမယ့် အီဂျစ်လက်ရွေးစင်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်လူစာရင်းမှာ ဆာလာကိုထည့်သွင်းရွေးချယ်ခဲ့ပြီး ဆာလာဟာ တနင်္လာနေ့မှာ အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းနေပြီဖြစ်ပါတယ်။

ဆာလာ ပြန်ကောင်းလာပြီဖြစ်ပေမယ့် အီဂျစ်အသင်းအနေနဲ့ အစောပိုင်းပွဲစဉ်မှာ စွန့်စားပြီးထည့်သွင်းအသုံးပြုဖို့ ထက် အခြေအနေကိုသာစောင့်ကြည့်ရဖွယ်ရှိကြောင်း အသင်းဆရာဝန်က ပြောဆိုထားပါတယ်။

ဆာလာဟာ ရုရှနိုင်ငံကို ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ဖို့ရောက်ရှိနေတဲ့ အီဂျစ်အသင်းနဲ့အတူ မိနစ် ၃၀ လောက် အပေါ့စားလေ့ကျင့်ခန်းတွေပဲ ဝင်လုပ်နိုင်သေးတာပါ။

အီဂျစ်အသင်းကတော့ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲဖြစ်တဲ့ ဥရုဂွေးနဲ့ပွဲကနေစတင်ပြီး ဆာလာကို အသင်းနဲ့အတူ ရှိနေစေချင်ပါတယ်။

အီဂျစ်ဟာ အုပ်စု A မှာ အိမ်ရှင်ရုရှ၊ ဥရုဂွေး၊ ဆော်ဒီအသင်းတို့နဲ့အတူ ကျရောက်နေပြီး အဖွင့်ပွဲကို ဇွန် ၁၅ မှာ ကစားရမှာ ဖြစ်ပါတယ်။

Ref; Daily Mail

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly