စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ၏ လိုဂို ပြင်ဆင်ရေး မဲခွဲရာတွင် အနိုင်ရ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ၏ လိုဂို ပြင်ဆင်ရေး မဲခွဲရာတွင် အနိုင်ရ

 

စစ်ကိုင်း၊ ဇွန် ၁၁ ။            ။ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ အသုံးပြုနေသော ခြင်္သေ့ပုံ Logo (အမှတ်တံဆိပ်)၊ အလံ၊ ရင်ထိုးသင်္ကေတ ကို ပြောင်းလဲပြင်ဆင်ရန် သက်မှတ်ရန်တိုက်တွန်းကြောင်း မုံရွာမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်အမာကြည်က အဆို တင်သွင်းခဲ့သည်။

ဇွန် ၁၁ ရက်က ကျင်းပသော ဒုတိယအကြိမ်၊ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ၁၄ ကြိမ်မြောက် ပုံမှန် အစည်းအဝေး၊ ၁၅ ရက်မြောက်နေ့၌ ယင်းအဆိုကို တင်သွင်းခဲ့ခြင်းဖြစ်သည်။

ထိုသို့ အဆိုတင်သွင်းခဲ့ရာတွင် လက်ခံဆွေးနွေးရန် ကန့်ကွက်သူများ ရှိနေသည့်အတွက် စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ  မဲပေးခွင့်ရှိသူ ၈၅ ဦးမှ ထောက်ခံမဲ ၅၆ မဲ၊ ကန့်ကွက်မဲ ၂၅မဲ၊ ကြားနေ ၂မဲနဲ့ ပယ်မဲ ၂ ဖြစ်ပြီး အနိုင်ရခဲ့ခြင်း ဖြစ်သည်။

ယခုလက်ရှိ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ Logo (အမှတ်တံဆိပ်)သည်  ပြည်ခိုင်ဖြိုးပါတီ တံဆိပ်နဲ့ ဆင်တူနေသည့်အတွက် ပြောင်းလဲသတ်မှတ်ပေးရန် မုံရွာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်အမာကြည်က တင်သွင်းခဲ့ခြင်း ဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်ဦးခင်မောင်ထွန်းက ကန့်ကွက်ခဲ့သည်။

ဒေါ်အမာကြည်က နိုင်ငံတော်အတိုင်ပင်ခံ၏ ပြည်သူလူထုအား ပြောကြားသောမိန့်ခွန်းအား မုံရွာမြို့ရှိ နာရီစင် တွင် ပြသခဲ့ရာ တက်ရောက်လာသော တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကားများ၌ ၄င်းအမှတ်တံဆိပ် ပါဝင်နေသည့်အတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တက်ရောက်လာသည်ဟု ပြည်သူများက ထင်မြင်ခဲ့ကြကြောင်း၊ ယင်းကြောင့် ပြောင်းလဲရန် လိုအပ်ကြောင်း၊ ပြောခဲ့သည်။

မဲခွဲရာတွင် အနိုင်ရရှိသည့်အတွက် လာမည့် ဇွန် ၁၃ ရက်နေ့တွင် လွှတ်တော်၌ ဆက်လက်ဆွေးနွေးကြမည် ဖြစ်သည်ဟု လွှတ်တော်ဥက္ကဋ္ဌက  ကြေညာခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အမှတ်တံဆိပ် နှင့် ပြည်ထောင်စုကြ့ံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အမှတ်တံဆိပ်တို့မှာ ခြင်္သေ့ရုပ်အဖြစ် တူညီနေကြပြီး အနည်းငယ်သာ ကွဲလွဲလျှက်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly