နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ဂျပန်နိုင်ငံ NHKသတင်းဌာနမှ တွေ့ဆုံမေးမြန်းခြင်း

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ဂျပန်နိုင်ငံ NHKသတင်းဌာနမှ တွေ့ဆုံမေးမြန်းခြင်း
Photo: MOI

 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဂျပန်နိုင်ငံ NHKသတင်းဌာနမှ သတင်းထောက် Orie Sugimotoက သီးသန့်တွေ့ဆုံမေးမြန်းခဲ့သည်။ ယင်းတွေ့ဆုံမေးမြန်းမှုကို NHK ၏ ခွင့်ပြုချက်ဖြင့် ဘာသာပြန်ဆို ဖော်ပြအပ်ပါသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဂျပန်နိုင်ငံ NHK သတင်းဌာနက သီးသန့် တွေ့ဆုံမေးမြန်းခြင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် NHKတို့ သီးသန့်တွေ့ဆုံ မေးမြန်းခန်း ပြုလုပ်နိုင်ခြင်းမှာ ငါးနှစ်တာကာလ အတွင်း ပထမဆုံးအကြိမ်ဖြစ်သည်။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် နက်ရှိုင်းစွာအမြစ်တွယ်နေသော ပြဿနာကို နေ့ချင်းညချင်း ဖြေရှင်းနိုင်မည်မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

မေး။ ။ ရခိုင်ပြည်နယ်မှာ မိမိကိုယ်မိမိ ရိုဟင်ဂျာလို့ ခေါ်နေသူတွေကို ဌာနေပြန်ပို့မယ့် လုပ်ငန်းစဉ်မှာ ကုလသမဂ္ဂအဖွဲ့အစည်းတွေရဲ့ အကူအညီကိုရယူဖို့ မြန်မာအစိုးရက သဘောတူညီခဲ့ပါတယ်။ လှူအခွင့် အရေးချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးနိုင်ဖို့ လွတ်လပ်သော ကော်မရှင်တစ်ရပ် ထူထောင်ဖို့ကိုလည်း သဘောတူညီခဲ့ပါတယ်။ ဒီအရေးယူဆောင်ရွက်ချက်တွေဟာ ဒုက္ခသည်များရော၊ နိုင်ငံတကာ အသိုက် အဝန်းကပါ ယခင်ကတည်းကလုပ်ဆောင်ဖို့ လိုလားချက်ဖြစ်ခဲ့ပါတယ်။ ဘာ့ကြောင့် မြန်မာနိုင်ငံအနေ နဲ့ ဒီအချိန်၊ ဒီအခါရောက်တော့မှ အရေးယူဆောင်ရွက်ရတာပါလဲ။

ဖြေ။ ။ ကျွန်မအနေနဲ့ကတော့ ဒီအချိန်၊ ဒီအခါရောက်မှအရေးယူဆောင်ရွက်ရတယ်လို့တော့ မထင်မြင်ပါဘူး။ ဒါက အဆင့်ဆင့်သွားရတဲ့ လုပ်ငန်းစဉ် ဖြစ်ပါတယ်။ ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ ကျွန်မတို့ သဘောတူနိုင်တဲ့ MoU မျိုးရရှိဖို့ ဆွေးနွေး ညှိနှိုင်းနေခဲ့တယ်ဆိုတဲ့အချက်ကို အများမသိခဲ့ကြဘူး။ ဒီကိစ္စ စတင်တာက ကျွန်မတို့ ဒေါက်တာကိုဖီအာနန်ကော်မရှင်ရဲ့အကြံပြုချက်တွေ ရရှိစဉ်ကတည်းက ဖြစ်ပါတယ်။ အခုနောက်ဆုံး နိုင်ငံတော်အဆင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းရေးသည်လည်း ကျွန်မတို့ အကြံပေးအဖွဲ့ရဲ့ အကြံပြုချက်နဲ့ အညီ လုပ်ဆောင်တာပါ။ ဒီအကြံပြုချက်ကို ကျွန်မတို့ အထူးအလေးအနက်ထားပါတယ်။ ဒီအဖွဲ့အနေနဲ့ ပကတိအခြေအနေအပေါ် အမှန်အတိုင်း ရှုမြင်သုံးသပ်နိုင်စွမ်းရှိတယ်လို့ ကျွန်မတို့ ယုံကြည်တာကြောင့် အဲဒီအဖွဲ့ကို တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်ပါတယ်။

မေး။ ။ ဒီအရေးယူဆောင်ရွက်ချက်တွေ ပေါ်ထွက်လာစေဖို့ မြန်မာနိုင်ငံအနေနဲ့ ဘာ့ကြောင့်များ အချိန် အကြာကြီး ယူခဲ့ရတာပါလဲ ဒီအရေးယူဆောင်ရွက်ချက်တွေ လုပ်ဆောင်ရာမှာ တွေ့ကြံုရတဲ့ အခက်အခဲက ဘာပါလဲ။

ဖြေ။ ။ အချိန်အကြာကြီးယူခဲ့တယ်ဆိုပြီး ပြောနိုင်လိမ့်မယ်လို့ ကျွန်မ မထင်ဘူး။ ဘာ့ကြောင့်လဲဆိုတော့ အကြံပေးအဖွဲ့က အကြံပြုခဲ့တာဟာ လအနည်းငယ်ပဲ ကြာမြင့်သေးတာကို အမှတ်ရမယ်ဆိုရင် အဲဒီလို ပြောမှာ မဟုတ်ဘူး။ ဒါကြောင့် နိုင်ငံတော်အဆင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းရေးနဲ့ပတ်သက်ပြီး ကျွန်မတို့ အချိန်အကြာကြီးယူခဲ့ရတယ်လို့ ပြောလိမ့်မယ်လို့ ကျွန်မ မထင်ဘူး။ UNDP နဲ့ UNHCR တို့နဲ့ MoU လက်မှတ်ရေးထိုးတာနဲ့ ပတ်သက်ပြီးပြောရရင် ကျွန်မတို့ သေသေချာချာ ဆွေးနွေး ညှိနှိုင်းပြီးမှ သာ သဘောတူညီချက်ရလာတာပါ။ နှစ်ဖက်စလုံးအနေနဲ့ သက်ရောက်မှုတွေအားလုံးကို ပိုင်းခြား စိတ်ဖြာသုံးသပ်ဖို့ လိုအပ်တဲ့အတွက်ကြောင့်ပါ။ တချို့အစိတ်အပိုင်းတွေမှာ ကျွန်မတို့အနေနဲ့ အချိန် မဆိုင်းဘဲ သဘောတူညီခဲ့တယ်။ တချို့အပိုင်းတွေမှာတော့ အခက်အခဲ၊ အတားအဆီးအချို့ကို ကျော်လွှားခဲ့ရတယ်။ ဒါကြောင့် အဓိပ္ပာယ်အနှစ်သာရပြည့်ဝပြီး တကယ်လက်တွေ့လည်း အကောင် အထည်ဖော်နိုင်မယ့် MoU တစ်ခုရရှိလာဖို့ဆိုတာဟာ အချိန်နည်းနည်းတော့ ယူရပါလိမ့်မယ်။

မေး။ ။ မြန်မာနိုင်ငံအနေနဲ့ သဘောတူညီချက်အတိုင်းလိုက်နာဖို့မှာ ဘာအခက်အခဲရှိသလဲ။

ဖြေ။ ။ ကျွန်မတို့အနေနဲ့ရော၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေအဖို့ပါ ဘယ်ကိစ္စကတော့ တကယ့် အခက်အခဲပဲလို့ ယူဆစရာရှိမယ် မထင်ပါဘူး၊ စဉ်းစားရမယ့် အချက်တွေကတော့ အများကြီးရှိပါတယ်။ ဒါပေမယ့် ဘယ်တစ်ခုကမှ ခွဲထုတ်လို့မရတဲ့ အနေအထားမဟုတ်ပါဘူး။ ဒါကြောင့်လည်း အခု သဘောတူညီချက်ရတာပါ။

မေး။ ။ ရိုဟင်ဂျာလို့ သူတို့ကိုယ်သူတို့ ခေါ်နေတဲ့လူတွေအပေါ် အကြမ်းဖက်မှုတွေရှိခဲ့တယ်လို့ မြန်မာအပေါ် စွပ်စွဲဝေဖန်မှုတွေ ပေါ်ထွက်ခဲ့ပါတယ်။ ဒီကိစ္စဟာအလွန်ရှုပ်ထွေးတဲ့   ပြဿနာဖြစ်တယ်လို့ မြန်မာအစိုးရက ပြောတာတွေလည်း ကျွန်မကြားသိခဲ့ရပါတယ်။ ဒီပြဿနာမှာ နိုင်ငံတကာအသိုက်အဝန်းက ကြားဝင်စွက်ဖက်မှု မပြုသင့်ဘူးလို့လည်း ပြောခဲ့တာရှိပါတယ်။ ဘာကြောင့်များ ဒီပြဿနာ ဟာ မြန်မာနိုင်ငံအတွက် သိပ်ရှုပ်ထွေးခက်ခဲနေရသလဲဆိုတာကို ရှင်းပြပေးစေလိုပါတယ်။ နိုင်ငံတကာ အသိုက်အဝန်းက ကြားဝင်ဖြေရှင်းခွင့် မရှိသင့်ဘူးဆိုတာကလည်း ဘာကြောင့်ပါလဲ။

ဖြေ ။       ။ ဦးစွာပထမ ကျွန်မပြောချင်တာကတော့ ဒီပြဿနာဟာ ကာလရှည်ကြာ ဖြစ်တည်လာတဲ့ ပြဿနာဖြစ်တယ်ဆိုတာပါ။ အရင်ရာစုနှစ် နှစ်ခုလောက်ကတည်းက ဖြစ်တည်လာတဲ့ ပြဿနာ ဆိုတာ ကို လူတွေမေ့လျော့နေကြပါတယ်။ ဒါဟာ မနေ့ကမှ ဖြစ်ခဲ့တဲ့အရာ မဟုတ်ဘူး။ ဒီလောက် ကာလ ကြာရှည် ဖြစ်တည်လာတဲ့ ပြဿနာကို လအနည်းငယ်အတွင်းမှာ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ ကျွန်မတို့ အစိုးရအဖွဲ့ နိုင်ငံတော်တာဝန်ရယူခဲ့တာကလည်း နှစ်နှစ်လောက်ပဲရှိသေးတာပါ။ ဒီလောက် ကြီးကျယ် လှတဲ့ ပြဿနာကို နေ့ချင်းညချင်းဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံပြင်ပက မဆိုစလောက် လူအချို့နဲ့ မြန်မာနိုင်ငံအတွင်းက မဆိုစလောက် လူအချို့ကပဲ ဒီပြဿနာဟာ သမိုင်းနဲ့ချီပြီး ရှုပ်ထွေး လှတဲ့ပြဿနာလို့ သိရှိကြတာပါ။ ဒါကြောင့် ကျွန်မတို့နိုင်ငံမှာ ဘာတွေဖြစ်နေလဲ၊ ဘာကြောင့် ကျွန်မတို့ ဒီလိုမျိုးကိုင်တွယ်ဆောင်ရွက်ရလဲဆိုတာကို ပြည်ပကလူများသာမက ပြည်တွင်းမှာ နေထိုင်သူတွေ ကလည်း ကောင်းစွာသိရှိသင့်တယ်။ ကျွန်မတို့ပြည်သူတွေ ရေရေရာရာ သိရှိသင့်တယ်ဆိုတာ အရေးအကြီးဆုံးအချက်ပါ။ ဘာ့ကြောင့်လဲဆိုတော့ ရေရှည်မှာ ကျွန်မတို့နိုင်ငံရဲ့ တည်ငြိမ် အေးချမ်းရေးနဲ့ လုံခြံုရေးတိုးတက်ကောင်းမွန်မှုတို့ကို ကျွန်မတို့ကိုယ်တိုင်ကပဲ ထိန်းသိမ်း စောင့်ရှောက် ကြရမှာ ဖြစ်လို့ပါပဲ။ 

မေး။ ။ ဒီပြဿနာ ဘယ်လိုရှုပ်ထွေးနေသလဲဆိုတာကို နိုင်ငံတကာအသိုက်အဝန်းကိုရော မြန်မာပြည်သူ တွေကိုပါ ရှင်းပြဖို့မှာ ဘာကြောင့်အချိန်ယူဖို့ လိုအပ်နေသလဲ။ မြန်မာအတွက် ဘယ်လို အန္တရာယ်တွေရှိလို့လဲ။

ဖြေ။ ။ ပြဿနာတစ်ခုကို ဘက်ပေါင်းစုံက စဉ်းစားခြင်းမရှိဘဲ ဒရောသောပါး ဖြေရှင်းမယ်ဆိုရင် ဘယ်သူ့အတွက်မဆို အန္တရာယ််ရှိမယ်လို့ ကျွန်မယူဆပါတယ်။

မေး။ ။ ဒီပြဿနာတွေ ခုထက် မြန်မြန်ဖြေရှင်းရင် မြန်မာအတွက် ဘယ်လိုအန္တရာယ်တွေ ကျရောက်နိုင်လို့လဲ။

ဖြေ။ ။ ဘယ်အရာကိုမဆို ဖုတ်ပူမီးတိုက် မလုပ်သင့်ဘူး။ အချိန်ယူပြီးလုပ်ရမှာကို အချိန်ယူ လုပ်သွားရမှာ ဖြစ်ပါတယ်။ ပြဿနာတွေကို မြန်မြန်ပြီးစမ်းပါလို့ အတင်းတွန်းလို့ မရဘူး။ ဆိုပါတော့ ''ဖြစ်ပြီးတဲ့ပြဿနာတွေ မေ့ထားလိုက်ပါ၊ စာမျက်နှာအသစ် ပြန်ဖွင့်လိုက်ပါ''လို့ လူတွေကိုသွား ပြောလို့ မရဘူး။ အမိန့်ပေးလို့လည်း မရဘူး။ ပြဿနာတွေအားလုံး ဖြေရှင်းနိုင်ဖို့အတွက် နည်းလမ်းအဖုံဖုံရှာဖွေ ဖော်ထုတ်ရမှာပါလားလို့ လူတွေသဘောပေါက် နားလည်လာစေမယ့် အနေအထားတစ်ရပ်ကို ဖန်တီးပေးဖို့ လိုပါတယ်။

မေး။ ။ ရခိုင်ပြည်နယ်မှာ လှူအခွင့်အရေးချိုးဖောက်မှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်း စစ်ဆေးဖို့ ဖွဲ့စည်းမယ့် လွတ်လပ်သောကော်မရှင်နဲ့ပတ်သက်ပြီး ဘယ်လိုအဖွဲ့ဝင်တွေ ပါဝင်တယ် စသည်ဖြင့် နည်းနည်းပိုပြီး ပြည့်ပြည့်စုံစုံ ရှင်းပြပေးစေလိုပါတယ်။ အဲဒီကော်မရှင်ဟာ ယုံကြည် စိတ်ချရတဲ့ကော်မရှင်၊ လွတ်လပ်တဲ့ကော်မရှင်ဖြစ်တယ်ဆိုတာ သေချာပါသလား။ ပြီးတော့ သူတို့ အနေနဲ့ မြန်မာအစိုးရဟာ တရားဥပဒေစိုးမိုးရေးအတွက် ကြိုးပမ်းလုပ်ဆောင်နေတယ်ဆိုတာကို နိုင်ငံတကာအသိုက်အဝန်းသိအောင် ရှင်းပြပေးလိမ့်မယ်လို့ရော ယုံကြည်ပါသလား။

ဖြေ။ ။ လတ်တလောမှာတော့ ကော်မရှင်မှာ ဘယ်သူတွေပါမယ်ဆိုတာကို ကျွန်မတို့ တိတိကျကျ မပြောနိုင်သေးပါဘူး။ ဒါပေမယ့်လည်း အရည်အချင်းပြည့်ဝပြီး ဘက်မလိုက်သူတွေအဖြစ် ကျွန်မတို့ အပြည့်အဝ ယုံကြည်စိတ်ချရတဲ့ သူတွေကိုသာ ခန့်အပ်သွားမှာ ဖြစ်ပါတယ်။

မေး။ ။ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ခုရှိလာမယ်ဆိုရင် အခြေအနေတိုးတက်လာပြီး နိုင်ငံတကာအသိုက်အဝန်းရဲ့ နားလည်မှုကိုလည်း ရရှိလာမယ်လို့ ယုံကြည်ယူဆပါသလား။

ဖြေ။ ။ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ခု ဖွဲ့စည်းသင့်တယ်လို့ အကြံပေးအဖွဲ့က ယုံကြည်ယူဆပါတယ်။ အကြံပေးအဖွဲ့အပေါ် အပြည့်အဝယုံကြည် စိတ်ချမှု၊ ဒီအဖွဲ့ရဲ့ စိတ်ကောင်း စေတနာကောင်းရှိမှုနဲ့ ဉာဏ်ပညာအမြော်အမြင် ပြည့်ဝမှုတို့ကြောင့် အခုကိစ္စသည် အခြေအနေ တိုးတက်ကောင်းမွန်လာစေဖို့ အပြုသဘော ရည်ရွယ်လုပ်ဆောင်ချက်တစ်ရပ် ဖြစ်တယ်လို့ ကျွန်မတို့ ယူဆပါတယ်။

မေး။ ။ ဘာကြောင့် မိမိနိုင်ငံအစီအစဉ်နဲ့ လုပ်ဆောင်ဖို့ကို ရွေးချယ်ပါသလဲ။ ကုလသမဂ္ဂ အချက် အလက် ရှာဖွေရေးမစ်ရှင်လိုမျိုး နိုင်ငံတကာအစီအစဉ်တစ်ရပ်ကို ဘာကြောင့် မရွေးချယ်တာလဲ။

ဖြေ။ ။ ဒါနဲ့ပတ်သက်ပြီး ကျွန်မတို့အရင်ကတည်းက ရှင်းပြခဲ့ပြီးသားပါ။ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးမစ်ရှင်ကို ကျွန်မတို့ ဘာ့ကြောင့် လက်မခံရသလဲ ဆိုတာကို ထပ်တလဲလဲ ရှင်းပြပေးခဲ့ပြီး ဖြစ်ပါတယ်။ အခုကိစ္စက အကြံပေးအဖွဲ့ရဲ့ အကြံပြုချက်အတိုင်း ဖြစ်ပါတယ်။ သူတို့ အနေနဲ့က ရခိုင်ပြည်နယ်မှာ ဘာတွေဖြစ်ပျက်နေသလဲ ဆိုတာကို သေသေချာချာလေ့လာနိုင်တဲ့ အနေအထားရှိ ပါတယ်။ သူတို့က အလေးအနက် အကြံပြုတာဖြစ်တဲ့အတွက် ကျွန်မတို့ကလည်း အလေးအနက်ထား ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

မေး။ ။ ကော့ဘဇားမြို့မှာ ဒုက္ခသည်အများအပြားဟာ မြန်မာနိုင်ငံကို ပြန်ဖို့ တုံ့နှေးနေကြပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ တကယ်လို့ သူတို့ဌာနေပြန်လာရင် အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင် ရနိုင်တယ်ဆိုတဲ့ စိုးရိမ်ကြောက်ရွံ့မှုကြောင့်ပါ။ ဒီအချက်ဟာ ဒုက္ခသည်တွေအနေနဲ့ သူ့ဆန္ဒနဲ့အညီ ဌာနေပြန်ဖို့ ပိုလို့တောင် ခက်ခဲစေပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံအနေနဲ့ ဒုက္ခသည်တွေရဲ့ ယုံကြည်မှု ပြန်လည်ရရှိလာအောင်နဲ့ နိုင်ငံတကာအသိုက်အဝန်းရဲ့ ယုံကြည်မှုပြန်လည်ရရှိလာအောင် ဘယ်လို လုပ်ဆောင်မှာပါလဲ။

ဖြေ။ ။ ယုံကြည်မှုဆိုတာ အပြန်အလှန်ရှိသင့်ပါတယ်။ ယုံကြည်မှုတည်ဆောက်ဖို့ဆိုတာ မြန်မာနိုင်ငံ အပေါ်မှာသာ မှီတည်နေတာ မဟုတ်ပါဘူး။ ယုံကြည်မှု တည်ဆောက်နိုင်စေဖို့ တစ်ဖက်လူဘက် ကလည်း လိုအပ်တဲ့ ခြေလှမ်းတွေ လှမ်းဖို့လိုတယ်လို့ ကျွန်မထင်ပါတယ်။ ဥပမာ ပြောရရင် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အကြားရရှိခဲ့တဲ့ MoU နဲ့အညီ ပုံစံတွေဖြည့်စွက်ပေးရမှာဖြစ်တယ်လို့ ကျွန်မတို့ နားလည် ပါတယ်။ ဒီပုံစံတွေကို ဒုက္ခသည်တွေဆီကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပေးခဲ့ခြင်းမရှိပါဘူး။ ဒီပုံစံတွေကို ဖြန့်ဝေပေးခြင်းမရှိရင်၊ ရခိုင်ပြည်နယ်ကို ဘေးကင်းလုံခြံုစွာနဲ့ တရားဥပဒေနဲ့အညီ ပြန်လာနိုင်ကြောင်း ဒုက္ခသည်တွေ မသိကြရင် ကျွန်မတို့အနေနဲ့ ဒုက္ခသည် ဌာနေပြန်ရေးလုပ်ငန်းစဉ် အလျင်အမြန် တိုးတက်အောင် ဆောင်ရွက်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ဒါဟာ နှစ်ဦးနှစ်ဖက် အပြန်အလှန် ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်လို့ မြင်တာပါ။ MoU ကို မိမိတို့နှစ်နိုင်ငံစလုံး သာမက အခြားသူများပါ သဘောတူညီခဲ့ကြပါတယ်။ အဲဒီပါဝင်သူများအားလုံးက အသီးသီးက တာဝန်ယူမှုတွေကို အကောင် အထည်ဖော်ကြဖို့ လိုပါတယ်။

မေး။ ။ အပြန်အလှန်ယုံကြည်မှု တည်ဆောက်နိုင်ဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအားလုံးက အများကြီး လုပ်ကိုင်သွားဖို့ လိုတယ်လို့ ကျွန်မနားလည်မိပါတယ်။ မြန်မာနိုင်ငံဘက်က ဘာတွေ လုပ်ဖို့ရှိပါသလဲ။

ဖြေ။ ။ ကျွန်မတို့အနေနဲ့ MoU နဲ့အညီ တာဝန်ဝတ္တရားတွေအားလုံးကို သယ်ပိုးထမ်းဆောင်ခဲ့ပြီး ဖြစ်ပါ တယ်။ တကယ်လို့ ရှင့်အနေနဲ့ MoU ကို ဖတ်ကြည့်မယ်၊ ကျွန်မတို့ ဘာလုပ်နေသလဲဆိုတာကိုလည်း လေ့လာကြည့်မယ်ဆိုရင် တာဝန်ဝတ္တရားများအားလုံးကို ကျွန်မတို့ ကျေပွန်စွာ ထမ်းဆောင်ခဲ့တယ် ဆိုတာကို ရှင်တွေ့မြင်လိမ့်မယ်လို့ ကျွန်မ ယူဆပါတယ်။ ဒါပေမယ့်လည်း စာရွက်လေးတစ်ရွက်ပေါ်မှာ လက်မှတ်ရေးထိုးရုံနဲ့ ယုံကြည်မှုကို တည်ဆောက်လို့မရနိုင်ဘူး။ အခြေအနေဟာ ယုံကြည်စိတ်ချရတဲ့ အခြေအနေဟုတ်၊ မဟုတ် စွန့်စားလုပ်ဆောင်ကြည့်ဖို့ လိုပါတယ်။ ပေးလာတဲ့အနေ အထားတစ်ရပ်ကို လက်တွေ့စမ်းသပ်ကြည့်ဖို့ အဆင်သင့်မရှိဘူးဆိုရင်တော့ ဒါဟာ လက်ခံနိုင်တဲ့ အနေအထား ဟုတ်မဟုတ် ဘယ်တော့မှ သိနိုင်မှာမဟုတ်ဘူး။

မေး။ ။ ယုံကြည်မှုပြန်လည်ရရှိနိုင်အောင် လုပ်နိုင်ဖွယ်ရာတွေအားလုံးကို မြန်မာနိုင်ငံက လုပ်နေတယ်လို့ ကျွန်မ နားလည်မိပါတယ်။ အခုဆက်လက်ပြီးတော့ ဘယ်လို အရေးယူဆောင်ရွက်ချက်တွေကို လုပ်ဆောင်ဖို့ စီစဉ်ထားပါသလဲ။

ဖြေ။ ။ ယုံကြည်မှုတည်ဆောက်တယ်ဆိုတာ အချိန်အကန့်အသတ် ဘောင်တစ်ခုအတွင်း လုပ်ဆောင် လို့ရတဲ့အရာမျိုး မဟုတ်ပါဘူး။ အခုအထိတော့ (က) အဆင့် အထိ ယုံကြည်မှု တည်ဆောက်ပြီးသွားပြီ။ နောက်လေးလမှာ (ခ) အဆင့်ကိုရောက်မယ်။ အဲဒီလိုမျိုး ပြောလို့မရဘူး။ အဲဒီ လိုမျိုး တည်ဆောက်လို့ ရတာမဟုတ်ဘူး။ ယုံကြည်မှုတည်ဆောက်တယ်ဆိုတာ တစ်ဆက်တည်းဖြစ်ပေါ်နေရမယ့် လုပ်ငန်းစဉ်ပါ။ သက်ဆိုင်သူတိုင်းဟာ အပြုသဘောဆောင်ဖို့ လိုတယ်၊ ယုံကြည်မှု ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်အတိုင်း လုပ်မယ်လို့ ကတိကဝတ်ရှိကြရပါမယ်။

မေး။ ။ ကုလသမဂ္ဂနဲ့ သဘောတူညီချက်ရယူခြင်း၊ အပြန်အလှန်ယုံကြည်မှုရရှိစေဖို့ လွတ်လပ်သော စုံစမ်း စစ်ဆေးရေးကော်မရှင်တစ်ရပ် ထူထောင်ခြင်းလိုမျိုး မြန်မာအစိုးရရဲ့ မကြာသေးမီက လုပ်ဆောင်ချက်တွေဟာ ယုံကြည်မှု တည်ဆောက်ရေးလို့ ကျွန်မတို့ နားလည်လို့ ရပါ့မလား။

ဖြေ။ ။ UNDP နဲ့ UNHCR တို့နဲ့ MoU လက်မှတ်ရေးထိုးခဲ့တာတို့၊ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခဲ့တာတို့ဟာ ကျွန်မတို့ကို ယုံကြည်မှုရှိလာစေဖို့ လုပ်ကိုင်တာလားလို့ မေးချင်တာလား။

မေး။ ။ ဒီရည်ရွယ်ချက်တစ်ခုတည်းနဲ့လို့တော့ မဆိုလိုပါဘူး။ ဒါဟာ မြန်မာနိုင်ငံရဲ့ မူဝါဒလမ်းကြောင်းနဲ့ ………..။

ဖြေ။ ။ ဒေါက်တာကိုဖီအာနန် ကော်မရှင်နဲ့ ကျွန်မတို့ရဲ့ အကြံပေးအဖွဲ့တို့ရဲ့ အကြံပြုချက်တွေနဲ့အညီ လုပ်ဆောင်နေတယ်ဆိုတာကို ကျွန်မအကြိမ်ပေါင်းများစွာ ရှင်းပြခဲ့ပြီးပါပြီ။ ဉာဏ်ပညာအမြော် အမြင်လည်းရှိ၊ စိတ်စေတနာ ကောင်းလည်းရှိတယ်လို့ ကျွန်မတို့ ယုံကြည်သူတွေနဲ့ ဒီကော်မရှင်နဲ့ အကြံပေးအဖွဲ့ နှစ်ဖွဲ့စလုံးကို ဖွဲ့စည်းခဲ့တာပါ။ ဒါ့ကြောင့် သူတို့ရဲ့အကြံပြုချက်တွေကို ကျွန်မတို့က အလွန်ကိုပဲ အလေးအနက်ထားဆောင်ရွက်ပါတယ်။

 

မေး။ ။ ရှင်းပြဖို့ ခက်ခဲမယ်လို့ ကျွန်မသိပေမယ့်လည်းမေးချင်တာက ဒုက္ခသည်တွေ ဌာနေပြန်မယ့် လုပ်ငန်းစဉ် အမှန်တကယ် စတင်နိုင်မယ့်အချိန်ကို သိပါရစေ။

 

ဖြေ။ ။ ဒါကတော့ မြန်မာနိုင်ငံအပေါ်မှာရော၊ ဘင်္ဂလားဒေ့ရှ်အပေါ်မှာပါ မှီတည်နေပါတယ်။ နှစ်ဦးနှစ်ဖက်လုပ်ကြရမယ့် လုပ်ငန်းစဉ်တစ်ခုပါ။ ဒုက္ခသည်တွေကို ပုံစံတွေ ထုတ်ပေးတာ၊ ရခိုင်ပြည်နယ်ကိုပြန်လာဖို့ ဘယ်လုပ်ငန်းစဉ် အဆင့်ဆင့်တွေ ဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုတာ သူတို့ကို ပြည့်ပြည့်စုံစုံအသိပေးတာတွေ မလုပ်သေးသရွေ့ ကျွန်မတို့အနေနဲ့ လုပ်ငန်းစဉ် အမြန် တိုးတက်အောင် လုပ်ဆောင်နိုင်မှာ မဟုတ်ဘူး။ ရှင်သိတဲ့အတိုင်း လူအချို့ ပြန်လာခဲ့ကြပေမယ့်လည်း တရားဝင်လမ်းကြောင်းတွေအတိုင်း မဟုတ်ဘူး။ ပြန်လာသူ အချို့က သူတို့အနေနဲ့ ပုံစံတွေဖြည့်ဖို့ လိုအပ်တယ်ဆိုတာကို မသိတဲ့အကြောင်း၊ လုပ်ထုံးလုပ်နည်းအတိုင်းသွားရမယ်ဆိုတာ ကိုလည်း မသိကြောင်း ပြောကြပါတယ်။

 

မေး။ ။ မြန်မာနိုင်ငံအတွင်း၊ မြန်မာနိုင်ငံသားအများအပြားအတွင်းမှာ ရိုဟင်ဂျာလို့ပဲ ခေါ်ခေါ်၊ ရိုဟင်ဂျာမွတ်စလင် လို့ပဲ ခေါ်ခေါ်၊ ဘဂါင်္လီလို့ပဲ ခေါ်ခေါ်၊ အခေါ်ခံရသူ တွေအပေါ် ခွဲခြားဆက်ဆံမှုတွေ၊ မုန်းတီးမှုတွေ နက်နက်ရှိုင်းရှိုင်း ရှိနေပါတယ်။ မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်တစ်ဦးအနေနဲ့ရော၊ ဒီမိုကရေစီခေါင်းဆောင် တစ်ဦးအနေနဲ့ပါ အဲဒီလူတွေကို ဘယ်လို သတင်းစကားများ ပါးချင်ပါသလဲ ။

 

ဖြေ။ ။ ကျွန်မတို့ အစိုးရတာဝန်ယူချိန်ကစလို့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး လုပ်ကိုင်လာခဲ့ပါတယ်။ ဧပြီလအစ ကျွန်မတို့ အစိုးရဖွဲ့စည်းနိုင်ခဲ့ပြီးတဲ့နောက်မှာ ကျွန်မတို့ ပထမဆုံးလုပ်တဲ့ အလုပ်တစ်ခုက ရခိုင်ပြည်နယ်မှာ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကော်မတီတစ်ရပ် ဖွဲ့စည်းတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း တည်ရှိနေတဲ့ ရန်လိုမုန်းတီးမှု၊ မယုံကြည်မှုတွေ၊ ကြောက်ရွံ့မှုနဲ့ အငြိုး အာဃာတတွေဟာ ဒီဒေသအတွင်း စီးပွားရေးဖွံ့ဖြိုးမှု ကင်းမဲ့တာ၊ လုံခြံုမှု အလွန်အမင်း အားနည်းတာတွေနဲ့ ယှက်နွှယ်အမြစ်တွယ်နေတယ်။ ဒါကြောင့် တရားဥပဒေစိုးမိုးရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကော်မတီဖွဲ့စည်းခဲ့တာပါ။ အဲဒီ အချိန်ကစလို့ ကျွန်မတို့အနေနဲ့ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ကာလရှည် ဖြေရှင်းချက် ရရှိနိုင်မယ့် နည်းလမ်းများကို ရှာဖွေခဲ့ရပါတယ်။ သို့သော်လည်းပဲ ကျွန်မတို့အနေနဲ့ ပြဿနာ သက်သက်အဖြစ် ရှုမြင်ခြင်းမဟုတ်ဘဲ စိန်ခေါ်မှုတစ်ရပ်လို့ ရှုမြင်တယ်လို့ ဆိုပါရစေ။ ဒါကြောင့် ရေရှည် လုပ်ငန်းစဉ်လို့ဆိုတာ ဖြစ်ပါတယ်။ ရာစုနှစ်တစ်စုကျော် သမိုင်းနဲ့ချီပြီး ဖြစ်လာခဲ့တာကို လအနည်း ငယ်အတွင်း ကျွန်မတို့ မဖြေရှင်းနိုင်ပါဘူး။ နှစ်အနည်းငယ် လောက်အတွင်းလည်း ပြီးစီးမှာမဟုတ်ဘူး။ တစိုက်မတ်မတ် လုပ်ကိုင်သွားရမယ့် ကိစ္စရပ်ပါ။ တခြားကမ္ဘာ့နိုင်ငံတွေကို ရှင်လေ့လာကြည့်ရင် သိနိုင်မှာပါ။ နှစ်ပေါင်းများစွာ အဓွန့်ရှည်တည်မြဲလာတဲ့ ဒီမိုကရေစီနိုင်ငံတွေမှာတောင် ပြဿနာတွေ ရှိနေတာပါ။ အရေးကြီးတာကတော့ မတူကွဲပြားတဲ့ အသိုက်အဝန်းတွေအားလုံးအနေနဲ့ ငြိမ်းချမ်းစွာ နေထိုင်ကြဖို့၊ တစ်ဦးနဲ့ တစ်ဦး အပြန်အလှန်ယုံကြည်မှု တည်ဆောက်ကြဖို့ လိုအပ်ခြင်းပါပဲ။

(ဆက်လက်ဖော်ပြပါမည်)

 

Mizzima Weekly