FDA ဝန်ထမ်းအမျိုးသမီးအမှု မုဒိမ်းမှုပုဒ်မနှစ်ခု ထပ်တိုးပေးရန်နှင့် အမှုဆိုင်းငံ့ပေးရန် လျှောက်ထား

FDA ဝန်ထမ်းအမျိုးသမီးအမှု မုဒိမ်းမှုပုဒ်မနှစ်ခု ထပ်တိုးပေးရန်နှင့် အမှုဆိုင်းငံ့ပေးရန် လျှောက်ထား

ရန်ကုန်၊ ဇွန်လ ၁၁ ။                   ။ FDA ဝန်ထမ်းအမျိုးသမီး အဓမ္မပြုကျင့်သတ်ခံခဲ့ရသည့်အမှုနှင့် ပတ်သက်ပြီး တရားလိုဥပဒေအရာရှိက မုဒိမ်းမှု ပုဒ်မနှစ်ခု ထပ်တိုးပေးရန်နှင့် အမှုအားဆိုင်းငံ့ပေးရန် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင် ယနေ့ ဇွန်လ ၁၁ ရက်တွင် လျှောက်ထားခဲ့သည်။

ယနေ့ ဇွန်လ ၁၁ ရက်နေ့တွင် FDA ဝန်ထမ်းအမျိုးသမီး အဓမ္မပြုကျင့်သတ်ခံခဲ့ရသည့်အမှုအား အပြီးသတ် လျှောက်လဲချက်ကြားနာရန်အတွက် ချိန်းဆိုခဲ့ခြင်းဖြစ်သော်လည်း တရားလိုဘက်မှ ဥပဒေအရာရှိက မျိုးဇော်ဦး(ခ) ဆီဒိုးနားဆိုသူအား စွဲချက်တင်ထားသည့် သေဒဏ်ထိ ပြစ်ဒဏ်ချမှတ်နိုင်သော ပုဒ်မ- ၃ဝ၂ (၁)(ဂ) အပြင် မုဒိမ်းမှုပုဒ်မ- ၃၇၆၊ ၃၇၇ ထပ်တိုးပေးရန်နှင့် အမှုအားခေတ္တ ဆိုင်းင့ံပေးရန် လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ထိုသို့ လျှောက်ထားခဲ့ရာ ခရိုင်တရားသူကြီးက ပုဒ်မထပ်တိုးပေးရန် လျှောက်ထားမှုအား ပလပ်ကြောင်း ချက်ချင်း အမိန့်ချမှတ်ခဲ့ပြီး အမှုအား ခေတ္တရပ်ဆိုင်းရန်လျှောက်ထားမှုနှင့် ပတ်သက်ပြီး ၎င်းတွင် အခွင့်အာဏာ မရှိသည့်အတွက် ကြားရက် ၄ ရက်အတွင်း တိုင်းတရားရုံးသို့ ပုဒ်မထပ်တိုးကြောင်း ပြင်ဆင်ချက် တင်ရန် ညွှန်ကြားခဲ့သည်။

“ ပုဒ်မထပ်တိုးဖို့အတွက် လျှောက်ထားတာ။ တရားသူကြီးက ဒါတွေဟာ အကျံုးဝင်ထားပြီးဖြစ်တဲ့အတွက် - ၃ဝ၂ (၁)(ဂ) ထဲမှ အကျံုးဝင်ကြောင်း သူ့အမိန့်မှာပါတဲ့အတွက် တရားလိုဥပဒေအရာရှိလျှောက်ထားချက်ကို ချက်ချင်းဆုံးဖြတ်ပြီး ပလပ်လိုက်တယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ သူက တိုင်းတရားရုံးမှာ ပြင်ဆင်မှုတင် မယ်တဲ့။ ပြင်ဆင်မှုက လေးငါးရက်အတွင်းမှာ တင်ပြီးတော့ ကျလာဖို့က မလွယ်ဘူး”ဟု မျိုးဇော်ဦး (ခ) ဆီဒိုးနားဘက်မှ လိုက်ပါဆောင်ရွက်သူ အထက်တန်းရှေ့နေ ဦးမောင်မောင်စိုးက ပြောသည်။

ထိုသို့ ပုဒ်မထပ်တိုးပေးရန် လျှောက်ထားမှုအား တိုင်းတရားရုံးမှ လက်ခံပါက အမှုအခြေအနေ ကြန့်ကြာသွား မည်ဖြစ်ပြီး တိုင်းတရားရုံးမှ ပုဒ်မထပ်တိုးမှုအား လက်မခံပါက ကနဦးစွဲဆိုထားသည့် ပုဒ်မ- ၃ဝ၂ (၁)(ဂ)ဖြင့်သာ လာမည့် ဇွန်လ ၁၈ ရက်နေ့ရုံးချိန်းတွင် အပြီးသတ်လျှောက်လဲချက်ကြားနာသွားမည်ဖြစ်ကြောင်း ဦးမောင် မောင်စိုး ပြောပြချက်အရသိရသည်။

“ ကျွန်တော်တို့ တရားသူကြီးအနေနဲ့ကတော့ ဆိုင်းငံ့ခွင့်ကို ပယ်ပြီးဖြစ်ပါတယ်။ ပယ်ပြီးဖြစ်တဲ့ အတွက်ကြောင့် မို့လို့ ကျန်တဲ့အပိုင်းကတော့ ၁၈ ရက်၊ ၆ လ၊ ၂ဝ၁၈ ခုနှစ်မှာ အပြီးသတ်လျှောက်လဲချက် ကြားနာမယ်လို့ သိရပါ တယ်”ဟု အရှေ့ပိုင်းခရိုင်တရားရုံး၊ ပြန်ကြားရေးအရာရှိ ဦးထွန်းထွန်းဦးက ပြောသည်။

အပြီးသတ်လျှောက်လဲချက်အား ကြားနာပြီးပါက အပြီးသတ်အမိန့်ချရန်သာ ကျန်ရှိတော့မည်ဖြစ်သည်။

ယင်းအမှုနှင့် ပတ်သက်ပြီး ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့က မြောက်ဥက္ကလာပဆေးရုံမှ မှုခင်းဆရာဝန်ကြီး၊ အထူးကုဆရာဝန် ဒေါက်တာထွန်းလင်းထွန်းလာရောက်ထွက်ဆိုခဲ့ရာတွင် ဆေးစစ်ချက်အရ အမျိုးသမီး အင်္ဂါအတွင်း ထိုးသွင်းထားသောလက္ခဏာရှိသော်လည်း သုက်ပိုးမတွေ့ရကြောင်း တရားခွင်တွင် ထွက်ဆို ခဲ့သည်။

မျိုးဇော်ဦးဆိုသူကိုလည်း ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ခေါ်ယူ ဆေးစစ်ချက်အရ မျိုးဇော်ဦး ခန္ဓာကိုယ်ပေါ်၌ ပြင်ပဒဏ်ရာများ တွေ့ရှိရပြီး အမျိုးသားသုက်ပိုးကိုမှု တွေ့ရှိခြင်းမရှိကြောင်း မှုခင်းဆရာဝန်က ထွက်ဆိုခဲ့သည်။

FDA ဝန်ထမ်းအမျိုးသမီး သေဆုံးရခြင်း အဓိကအချက်မှာ မှုခင်းဆရာဝန်ထွက်ဆိုချက်အရ လည်ပင်းပတ် လည်အား တင်းကြပ်အောင် ဖိနှိပ်ခံထားရသည့်အတွက် လည်ပင်းအရှေ့ဘက် အရိုးငယ်ကျိုးတဲ့ဒဏ်ရာ၊ လည်ပင်းကြွက်သားတွင် သွေးသွန်၊ သွေးခြေဥ၊ ဖူးယောင်မှုများ တွေ့ရှိရကြောင်း သိရသည်။

ထို့ပြင် ရင်ဘတ် ဖူးရောင်ဒဏ်ရာများ တွေ့ရကာ ရင်ညွှန့်မှာ ကျိုးနေသည့်အတွက် လည်ပင်းနှင့် လည်ပင်း အောက်ရှိ အသက်ရှုပြွန်များပိတ်ဆို့နေပြီး အသက်မရှုနိုင်ခြင်း၊ အဆုတ်နှင့် ရင်ခေါင်းကြွက်သားများ အလုပ် မလုပ်နိုင်ခြင်းကြောင်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly