ပြစ်မှု ကိုးမျိုးအတွက် သေဒဏ်ပေးခြင်းကို တရုတ် အဆုံးသတ်

ပြစ်မှု ကိုးမျိုးအတွက် သေဒဏ်ပေးခြင်းကို တရုတ် အဆုံးသတ်

ပေကျင်း၊ စက်တင်ဘာ ၁ ။          ။ တရုတ်သည် ၎င်း၏ပြစ်မှု ဆိုင်ရာဥပဒေ ကိုပြင်ဆင်မှု များပြုလုပ် ပြီးနောက်ပြစ်မှုကိုးမျိုး အတွက်သေဒဏ်အပြစ်ပေးခြင်းအား ဖယ်ရှားလိုက်သည်။

ယင်းကဲ့သို့ သေဒဏ်ပေးမှု အဆုံးသတ်ခြင်းမှာ တရုတ်၏ တရားရေးပြုပြင်လဲမှုတွင် အရေးကြီးသော ခြေလှမ်းတစ်ရပ်ဖြစ်ပြီး နိုင်ငံ၏ တရားစီရင်ရေးစနစ်တွင် တိုးတက်မှုတစ်ရပ်ဖြစ်သည်ဟု ကျွမ်းကျင် သူများကပြောသည်။ သေဒဏ်ပယ်ဖျက်ကြောင်း သြဂုတ် ၃၁က နိုင်ငံပိုင် ဂလိုဘယ်တိုင်းမ်သတင်းစာတွင် ဖော်ပြခဲ့သည်။

အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီရှိ ဥပဒေပြုအမတ်များက ခြစားမှုအတွက် ပိုမိုတင်းကျပ်သည့် စည်းမျဉ်းများကို ပြဋ္ဌာန်းသည့် ပြင်ဆင်ချက်များကို သြဂုတ် ၂၉က မဲပေးအတည်ပြုခဲ့သည်။

ဆိုင်းငံ့သေဒဏ် နှစ်နှစ်ကျခံထားသည့် ကြီးမားသော ခြစားမှုအတွက် ပြစ်ဒဏ်ချမှတ်ခံထားရသူများသည် နှစ်နှစ်ကြာပြီးနောက် တစ်သက်တစ်ကျွန်းချမှတ်ခံရမည်ဖြစ်သည်။ ပြစ်ဒဏ်ပြောင်းလဲလျှော့ပေါ့ခြင်း၊ ကျခံရသည့် ရက်မစေ့မီလွှတ်ပေးခြင်းတို့ရှိမည် မဟုတ်ဟု ဆိုသည်။

သေဒဏ်မှ ပယ်ဖျက်လိုက်သည့် ပြစ်မှုကိုးမျိုးတွင် လက်နက်ခဲယမ်း၊ နျူကလီးယားပစ္စည်းများ၊ သို့မဟုတ် ငွေစက္ကူအတုများ ခိုးသွင်းခိုးထုတ်မှု၊ လိမ်လည်ကာ ရန်ပုံငွေကောက်ခံမှု၊ အဓမ္မပြည့်တန်ဆာစေခိုင်းမှု၊ ရဲအရာရှိတစ်ဦး သို့မဟုတ် လူတစ်ဦးကို တာဝန်မထမ်းဆောင်နိုင်စေရန် ပိတ်ဆို့မှု၊ ငွေစက္ကူအတုပြုလုပ်မှုနှင့် စစ်တွင်းကာလ အခြားသူများကို လှည့်စားရန် ကောလာဟလများ ထုတ်လွှင့်မှုတို့ ပါဝင်သည်။

ပြစ်မှုကိုးမျိုးအတွက် အမြင့်ဆုံးပြစ်ဒဏ်မှာ ထောင်ဒဏ်တစ်သက်ဖြစ်သည်ဟု ရှင်ဟွာသတင်းအေဂျင်စီက ဖော်ပြသည်။ သေဒဏ်ပေးနိုင်သော ပြစ်မှုအရေအတွက်ကို ပြင်ဆင်ချက်များအသက်ဝင်မည့် နိုဝင်ဘာ ၁ မှစ၍ ၄၆ ခုသို့လျှော့ချမည်ဟု ရှင်ဟွာက အစီရင်ခံသည်။

၂၀၁၁ခုနှစ်က ယဉ်ကျေးမှုအမွေအနှစ်များ၊ ရွှေနှင့် ငွေများ မှောင်ခိုမှုအပါအဝင် စီးပွားရေးနှင့် ဆက်နွယ်သော အကြမ်းဖက်မှုမဟုတ်သော ပြစ်မှု ၁၃ခုအတွက် အမြဲတမ်းကော်မတီက သေဒဏ်ကို ပယ်ဖျက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly