ငါးလုပ်ငန်းအင်းများကို သိမ်းဆည်းလိုက်၍ အင်းလုပ်သားများ နစ်နာမှုများနှင့် ကြံုတွေ့နေရဟုဆို

ငါးလုပ်ငန်းအင်းများကို သိမ်းဆည်းလိုက်၍ အင်းလုပ်သားများ နစ်နာမှုများနှင့် ကြံုတွေ့နေရဟုဆို

ဇွန် ၉။                          ။ ဧရာဝတီတိုင်းဒေသကြီးအစိုးရမှ ငါးလုပ်ငန်းအင်းများကို သိမ်းဆည်းလိုက်သည့်အတွက် အင်းလုပ်သား များအနေဖြင့် နစ်နာမှုများနှင့် ကြံုတွေ့နေရကြောင်း ဧရာဝတီတိုင်းမှ အင်းလုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။

ယနေ့ ဇွန်လ ၉ ရက်နေ့၊ City Star Hotel တွင် ပြုလုပ်သည့် ဧရာဝတီတိုင်းဒေကြီးအတွင်းရှိ အင်းလုပ်သား ပြည်သူများ၏ လုပ်ငန်းလုပ်ပိုင်ခွင့်နစ်နာမှုများ ဟုဆိုသော သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့သည်။

"ခွင့်ပြုပြီးသားကြေးတိုင်အင်းက ရပ်ဆိုင်းခံရတယ်။ ၂၀၁၈ မေ ၁၈ ဧရာဝတီတိုင်းဒေသကြီး အစည်းအဝေး အ မှတ်စဉ် ၁၃/၂၀၁၅ မှာ ၃၉၈ အင်း ကြေးတိုင်တွေကို ပြန်ပြီးတော့ ခွင့်ပြုလိုက်တယ်။ ဥပဒေပေါ်မှာ ရှေ့နောက် ညီညွတ်တဲ့ဆုံးဖြတ်ချက်တွေ အစိုးအနေနဲ့ ဆုံးဖြတ်ဆောင်ရွက်တာ မတွေ့တဲ့အတွက် ထောက်ပြရှင်းလင်းခြင်း ဖြစ်တယ်။ အစိုးရသည် မိမိတို့ရဲ့ တည်ဆဲဥပဒေ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ကိုလည်း တိတိကျကျ လိုက်နာ ရသလို ပြည်သူတွေကလည်း လိုက်နာရပါတယ်။ ဥပဒေတွေကို ဆန့်ကျင်တယ်။ သူတို့ရဲ့အမိန့်တွေက တည်မြဲ မှုမရှိဘူး။ အမိန့်တွေက အမျိုးမျိုးပြောင်းလဲထုတ်ပြီးတော့ အောက်ကကြေးတိုင်အင်းလုပ်သားပြည်သူတွေ ဒုက္ခ ရောက်နေတယ်" ဟု သာပေါင်းမြို့နယ်မှ အင်းလုပ်ငန်းလုပ်ကိုင်သူ ဦးဘမြင့်က ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ငါးလုပ်ငန်းအင်းပေါင်း ၁၇၇၇ အင်းရှိပြီး လက်ရှိ အင်း တစ်ထောင်ခန့် သိမ်းဆည်း ခံရကြောင်း ၎င်းတို့က ပြောသည်။

"အင်းတွေကို သိမ်းလိုက်တဲ့အခါကျတော့ အင်းသားတွေမှာ ၀ယ်ထားတဲ့ အင်းပြင်ဆင်မယ့် ပစ္စည်းတွေ အင်း လုပ်သားတွေကို ကြိုတင်ပေးထားတဲ့ငွေတွေ ဒါတွေအကုန်လုံးဆုံးရှုံးသွားတယ်။ တစ်ချို့ဆိုရင် သိန်းလေးငါးရာ ထိရင်းရတယ်။ အနည်းဆုံးမရင်းရဘူးဆိုတဲ့သူက သိန်းခြောက်ဆယ်လောက်ရှိတယ်။ ပြီးခဲ့တဲ့ ၂၀၁၆/၁၇တည်း က ကြေးတိုင်ပေးပြီးသားအင်းတွေကို သိမ်းလိုက်တယ်" ဟု ကျံုပျော်မြို့နယ်မှ အင်းလုပ်ငန်းလုပ်ကိုင်သူ ဦးသန်းငွေက ပြောသည်။

၂၀၁၆/ ၂၀၁၇ခုနှစ်တွင် ကြေးတိုင်အင်းလုပ်ကိုင်ခွင့် တစ်နှစ်ကျန် ၃၈၄ အင်း၊ နှစ်တိုးလျောက်ထားသည့် သုံးနှစ် တိုးအင်း ၄၂၆ အင်း သိမ်းဆည်းခံခဲ့ရကြောင်း သိရသည်။

မှတ်ပုံတင်ထားသည့် ရပ်ရွာအခြေပြု ငါးလုပ်ငန်းအစုအဖွဲ့များ သည့် သိန်းလေးဆယ်အောက် အင်းများလျှောက် ထားမှုများရှိကြောင်းနှင့် ပြန်လည်စိစစ်လုပ်ကိုင်သည့်ကာလဖြစ်ကြောင်း သာပေါင်းမြို့နယ် တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မိုးဝါက ပြောသည်။

၂၀၁၈ခုနှစ် ရေချိုငါးဥပဒေအရ ငါးလုပ်ငန်းအစုအဖွဲ့တွေကို တရားဝင်ဖွဲ့စည်းခွင့်ရှိပြီး၊ အစုအဖွဲ့များက ရပ်ရွာအ တွင်း ငါးလုပ်ငန်းလုပ်ကိုင်သူများ စုဖွဲ့ထားသည့် ကော်မတီများရွေးချယ်ကာ ငါးလုပ်ငန်းဦးစီးဌာနတွင် မှတ်ပုံ တင်ထားသည့် ငါးလုပ်ငန်းအစုအဖွဲ့ကို ဆိုလိုသည်ဟု ရေချိုးငါးလုပ်ငန်းဥပဒေတွင် အစုအဖွဲ့နှင့် ပတ်သက်ပြီး ပြဌာန်းထားသည်။

"မတရားသိမ်းဆည်းတာတော့မရှိဘူး။ တိုင်းအစိုးရကိုတော့ တတ်နိုင်သလောက် တင်ပြဆောင်ရွက်မယ်။ တိုင်း အစိုးရသာ စီမံခန့်ခွဲပေးနိုင်မယ် အနေအထားမျိုးပါ" ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါက်တာ ညွန့်ဝေကပြောသည်။

အဆိုပါ အင်းလုပ်ငန်းလုပ်ကိုင်သူများက ငါးလုပ်ငန်းအင်းများသိမ်းဆည်းခံရမှု အခက်အခဲများနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စု အဆင့် ဌာနဆိုင်ရာများကို လက်ရှိ ဧရာဝတီတိုင်းဒေသကြီးတွင် ဖြစ်ပေါ်နေသော အင်းလုပ်ငန်းအခြေအနေများ ကို ဥပဒေနှင့်အညီတင်ပြ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly