မြောက်ကိုရီးယားနှင့် ထိပ်သီးအစည်းအဝေးအကြို ထရမ့်နှင့် လီရှန်လွန်း တွေ့ဆုံ

မြောက်ကိုရီးယားနှင့် ထိပ်သီးအစည်းအဝေးအကြို ထရမ့်နှင့် လီရှန်လွန်း တွေ့ဆုံ

 

စင်ကာပူ သမ္မတအိမ်တော်ရာနှင့် ရုံးချုပ်ဖြစ်သော Istana တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းတို့ စတင်တွေ့ဆုံမှုအဖြစ် ဇွန် ၁၁ ရက် နေ့လယ် ၁၂ နာရီ ၄၅ မိနစ်တွင် သတင်းဓာတ်ပုံသမားများ ရှေ့မှောက် နှစ်ဦးအား နွေးထွေးပျူငှာစွာဖြင့် လက်ဆွဲနှုတ်ဆက် တွေ့ဆုံကြသည်။

လီရှန်လွန်းနှင့်အတူ အလုပ်သဘော နေ့လယ်စာအတွက် ထရမ့်သည် The Beast ဟု အများက နာမည်ပေးခေါ်ဝေါ်ကြသည့် သမ္မတအသုံးအဆောင် နိုင်ငံတော်ကားဖြင့် တည်းခိုရာ Shangri-La ဟိုတယ်မှ နေ့လယ် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ၎င်း၏ ကိုယ်စားလှယ်များနှင့်အတူ ထွက်ခွာလာခြင်း ဖြစ်ပြီး နေ့လယ်မတိုင်မီ Istana သို့ ရောက်ရှိကြခြင်း ဖြစ်သည်။

ထရမ့် လိုက်ပါသော The Beast ကားကြီးကို ရံလျက် ကားပေါင်း ၃၀ ကျော်ထက်မနည်းက ယာဉ်တန်းအဖြစ် လိုက်ပါလာခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဟိုတယ်နှင့် Istana တို့တွင် ထရမ့်ကို နံနက် ဆယ်နာရီခွဲခန့်ကတည်းက ဂျာနယ်လစ်နှင့် ကင်မရာမင်းများစွာက စောင့်နေကြသည်။

ထရမ့်အနေဖြင့် Istana သို့ ၀န်ကြီးချုပ် လီရှန်လွန်းနှင့် လာရောက် မတွေ့ဆုံမီ အမေရိကန်သံရုံးဝန်ထမ်းများနှင့် တွေ့ဆုံခဲ့မည်ဟု The Straits Times က ရေးသားသည်။

တစ်ချိန်တည်းတွင် အမေရိကန်နှင့် မြောက်ကိုရီးယားမှ ကိုယ်စားလှယ်များက စင်ကာပူရှိ Ritz-Carlton ဟိုတယ်တွင် တံခါးပိတ်အစည်းအဝေး ကျင်းပတွေ့ဆုံလျက်လည်း ရှိသည်။ ဇွန် ၁၂ ရက် နံနက်ပိုင်းတွင် ထရမ့်နှင့် ကင်ဂျုံးအွန်တို့၏ ထိပ်သီးအစည်းအဝေး မတိုင်မီ နှစ်နိုင်ငံကြားက ကွဲပြားမှုများကို နောက်ဆုံး ညှိနှိုင်းသည့် အစည်းအဝေးလည်း ဖြစ်သည်။

ပြီးခဲ့သည့်လ မြောက်ကိုရီးယား နယ်စပ်အပစ်ရပ်ရွာတွင် မြောက်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစည်းဝေးပွဲတွင် ဦးဆောင်ခဲ့သူူ မြောက်ကိုရီးယားမူဝါဒရေးရာဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ်ဟောင်း ဆန်းကင်က စင်ကာပူက ဆွေးနွေးပွဲများတွင် ဆက်လက်ပါ၀င် ဆွေးနွေးမည်လည်း ဖြစ်သည်။

ထိပ်သီးအစည်းအဝေး၏ အထူးလုပ်ငန်းစဉ်အဖြစ် မြောက်ကိုရီးယားက အလုံးစုံနျူကလီးယား စွန့်လွှတ်ရေးဖြစ်ကာ ကင်ဂျုံးအွန်အနေဖြင့်လည်း လုံခြံံုရေးအာမခံနှင့် ဆန်ရှင်များ ဖြေလျှော့ပေးရေးကို တောင်းဆိုလာဖွယ် ရှိကြောင်း အကဲဖြတ်များက ပြောသည်။ ထိုပြင် ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲ တရားဝင်အဆုံးသတ်ရေး ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုနိုင်ရေးကိုလည်း ထိုအစည်းအဝေးတွင် ဆွေးနွေးကြဖွယ် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly