ဗလဘကျေးရွာ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းနားနေအိမ် ၁၅လုံး ဖျက်ရွှေ့နေရ

ဗလဘကျေးရွာ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းနားနေအိမ် ၁၅လုံး ဖျက်ရွှေ့နေရ
သတင်းဓာတ်ပုံ- အောင်ကျော်ဇင်(ရေစကြို)

ဇွန်လ ၁၁ ။            ။ မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်ဗလဘကျေးရွာတွင် ဇွန်လ ၁ ရက်နေ့မှ ဇွန်လ ၁၀ ရက်နေ့ထိ ဧရာဝတီမြစ်ရေ မြင့်တက်လာပြီး ရေတိုက်စားမှု ကမ်းပြိုမှုများကြောင့် စိုးရိမ်ရသော လူနေအိမ်ခြေ ၁၅ လုံးခန့် နှင့်ဘုန်းကြီးကျောင်း တစ်ကျောင်း ဖျက်ရွှေ့နေရကြောင်း ဒေသခံများထံက သိရသည်။

“ ကျွန်တော်တို့ ဗလဘကျေးရွာဟာဆိုလျင် ၂၀၁၇ ခုနှစ်ကနေစတင် ကမ်းပြိုမှုတွေ ဖြစ်ခဲ့တာပါ။ မနှစ်ကဆိုလျှင် ဧရာဝတီမြစ်ရေ တိုက်စားလို့ လူနေအိမ်ခြေ  ၆၇ လုံး ဖျက်ရွှေ့ခဲ့ရဘူးပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ နွေရာသီ ရောက်တဲ့အခါ ပြင်ဆင်မှုတွေ လုပ်ခဲ့ပါတယ် ပိုက်ရေကာတွေချပြီး လုပ်ခဲ့ပါတယ်” ဟု ဗလဘကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြဆောင်က ပြောသည်။

ချထားသည့် ပိုက်ရေကာတွေများ ယခုနှစ်တွင် ပျက်စီးသွားပြီး နယုန်လဆန်းပိုင်းမှ စတင်ကာ ဧရာဝတီမြစ်ရေ တက်လာပြီး ရေတိုက်စားမှုကမ်းပြိုမှုဖြစ်လာခြင်း ဖြစ်သည်။

“  ဒီနေ့ထိ အိမ်ခြေ ၁၅လုံးခန့် ဖျက်ရွှေ့နေရပါတယ်၊ ဗလဘ ကျေးရွာဉာတိကာရုံ ဘုန်းကြီးကျောင်း တစ်ကျောင်းလည်း ဖျက်ပြီးရွှေ့ပြောင်းထားရပါတယ်၊ ဖျက်ရွှေ့ထားတဲ့အိမ်တွေကို ဗလဘကျေးရွာ ကုန်းမြင့်ပိုင်းမှာ ခဏပြောင်းရွှေ့ထားရပါတယ်” ဟု ဦးမြဆောင်က ပြောသည်။

ဇွန်လ ၁၀ရက်နေ့က ကမ်းပြိုမှုကြောင့် စိုးရိမ်ရ၍ ရွှေ့ပြောင်းအိမ်များ ပြောင်းရွှေရာတွင် ရေစကြိုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်ကာ မြို့နယ်မီးသတ် ကြက်ခြေနီ၊မြန်မာနိင်ငံရဲတပ်ဖွဲ၊တပ်မတော်သားများ လာရောက်ကူညီပံ့ပိုးပေးကြောင်း ဒေခံများထံက သိရသည်။

“ အခုလောလောဆယ်မှာတော့အရင်ရက်ပိုင်းက တင်ထားတဲ့ ဖျက်ရွှေ့အိမ် ၁၀ လုံးအတွက် တစ်အိမ်ထောင်စုကို (၁၀၀၀၀၀)ကျပ်နဲ့ အခြားပစ္စည်း ၉မျိုး၊လူတစ်ဦးကို တစ်ရက်စာ ၂၃၀ ကျပ်ခန့်နှုန်းနဲ့ ရ ရက်စာကို လူကယ်ပြန်မှ လောလောဆယ်ကူညီထောက်ပံ့ပေးထားကြောင်း” ဗလဘကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

ဧရာဝတီမြစ်ရေ ဆက်လက်တက်လာပြီး ရေတိုက်စားမှု ဆက်ဖြစ်နေသည့်အတွက်မြစ်ကမ်းနားနေအိမ်များ ဆက်လက် ဖျက်ရွှေ့ရမည်ဖြစ်ကြောင်း ဗလဘကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြဆောင်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly